ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အခြေစိုက် ဒီးမော့ဆို PDF က စစ်ကောင်စီကို ပိုမိုတိုက်ခိုက်ပြီး အထူးစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ ကွန်မန်ဒို တပ်ရင်း ဖွဲ့စည်းလိုက်ပြီလို့ ပြည်သူတွေကို ဒီကနေ့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် အကြမ်းဖက် လုပ်ရပ်တွေကို တွန်းလှန်ဖို့ ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်မှာ ဒီးမော့ဆို PDF ကို တပ်ရင်း ၁၁ ရင်းနဲ့ တည်ထောင်ခဲ့တာဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေကိုလည်း တပ်ဖွဲ့၀င် တစ်ချို့ စေလွှတ်ပေး ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ တပ်ဖွဲ့၀င်တွေကို ပြန်လည်စုစည်းပြီး တပ်ရင်း စုစုပေါင်း ၄ ရင်း စုစည်း ဖွဲ့စည်းခဲ့ကာ မနေ့က ဩဂုတ်လ ၃ ရက်နေ့မှာတော့ တပ်ရင်း (၄) ကို ကွန်မန်ဒို တပ်ရင်းအဖြစ် ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။