ကချင်လွတ်လပ်ရေးတပ်မတော်(KIA)စစ်ဦးစီးချုပ်၊ အမှတ်(၁)စစ်ဒေသစစ်ဒေသမှူးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းကွယ်လွန်ခြင်းသည် အဖိနှိပ်ခံ မြန်မာလူထု၊ ကချင်ပြည်နှင့် ကချင်လူမျိုးများအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ဝမ်းနည်းကြေကွဲရကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် KIA၌ တော်လှန်ရေးတာဝန်များကို စတင်ထမ်းဆောင် သည့် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကာလ နောက်ပိုင်းမှစ၍ ကွယ်လွန်ချိန်အထိ တော်လှန်ရေးတာဝန်များကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့သူဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ဘေ့စ်ဂီတာတီးခတ်သော ဂီတအနုပညာရှင်တစ်ဦးဖြစ်သကဲ့သို့ ဟာသပြောတတ်သော ကချင်ဗိုလ်ချုပ်များအုပ်စုထဲမှ တစ်ဦးဖြစ်သည့် အပြင် လူချစ်လူခင်ပေါများသောသူတစ်ဦးလည်းဖြစ်သည်။ စကားကို တဲ့တိုးပြောတတ်သော်လည်း အလုပ်ကို အတူတကွပူးတွဲလုပ်ဆောင်ချိန်များတွင် တာဝန်ခံမှု၊ တာဝန်ယူမှု ကောင်းသော ဗိုလ်ချုပ်အဖြစ် မှတ်ကျောက်တင်ခံရသူ ဖြစ်သည်” ဟု ဆိုထားသည်။
ကချင်ပြည်နှင့် ကချင်လူမျိုးများလွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသည့် တော်လှန်ရေးလမ်းခုလတ်တွင် စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်း ယခုကဲ့သို့ ရုတ်တရက်ကွယ်လွန်သွားခြင်းသည် အဖိနှိပ်ခံ မြန်မာပြည်သူလူထုများ၊ ကချင်ပြည်နှင့် ကချင်လူမျိုးများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုအဖြစ် အလေးအနက်ရှုမြင်ပြီး စစ်ဦးစီးချုပ်၏ မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များ၊ မိခင်အဖွဲ့အစည်းနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။
ထို့အပြင် လက်ရှိစစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းထဲတွင် ရှေ့တန်းစစ်မြေပြင်ထက်၌ စစ်ရေးတာဝန်များကို အဓိကတာဝန်ယူခဲ့သောသူတစ်ဦးဖြစ်ပြီး KIA ၏ လက်ရှိစစ်ရေးအောင်မြင်မှုများတွင် အခရာကျသောသူဖြစ်ကြောင်း၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ ကချင်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကာလအတွင်း အနစ်နာခံ ပေးဆပ်စွန့်လွှတ်မှု နှင့် လုပ်ဆောင်ချက်များအား လေးနက်စွာ တန်ဖိုးထားဂုဏ်ပြုလျက် ဒုတိယဗိုလ်ချုပ်ကြီး ကောင်းရာဘုံဘဝသို့ ရောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ဟုသဝဏ်လွှာ ထုတ်ပြန်ထားသည်။
ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းအသက်(၆၂) နှစ်သည် မေလ ၁၃ရက်တွင် အသည်းကင်ဆာ ရောဂါဖြင့်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းကွယ်လွန်ခြင်းသည် နွေဦးတော်လှန်ရေးဆင်နွဲနေချိန် တော်လှန်ရေးရဲဘော်ရဲဘက်များအတွက်အလွန်ကြီးမားသည့် ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း မေလ ၁၄ရက်နံနက်က ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းသည်စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ခဲ့သည့် တနိုင်ငံလုံး၏ ခုခံတွန်းလှန်စစ်အတွက် အထူးအရေးပါသည့်ဦးဆောင်သူဖြစ်ကြောင်းထုတ်ပြန်ထားသည်။