ဖယ်ခုံမြို့ နယ် ပြည်သူ့ ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆ တပ်ရင်း)က ဒေသတွင်း တည်ငြိမ်ရေးအတွက် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖယ်ခုံအင်းကို ဒီနေ့ မေ ၉ ရက်နေ့ မနက်ပိုင်းမှာ လုံခြုံရေးကင်းလှည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဖယ်ခုံအင်းတစ်ခုလုံးနီးပါးကို တပ်ပေါင်းစုတွေက ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် ပုံမှန် ကင်းလှည့်တဲ့အခါမှာ စစ်ကောင်စီတပ်တွေရဲ့ အန္တရာယ်ကို စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
ဖယ်ခုံတပ်ရင်း-၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦး က “သတင်းကအရေးပေါ်ရင်လဲပေါ်သလို ကျနော်တို့လှည့်တာ ပေါ့နော်၊ ဥပမာ ကျနော်တို့ သတင်းတခုခု ရထားတယ် ဆိုရင်လဲ အင်းရဲ့ အရှေ့ ကမ်း၊ အနောက်ကမ်း နှစ်ဖက်လုံး ကျနော်တို့ လှည့်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ဖယ်ခုံ PDF (၁၀၀၆) ဆီကို ဝင်ရောက်လာသူဦးရေ တပ်ခွဲတစ်ခွဲစာ ၄၀ ရာခိုင်နှုန်းခန့် တိုးလာတယ်လို့လည်း တာဝန်ရှိသူတွေဆီက သိရပါတယ်။
“ကျနော်တို့ထဲဝင်တဲ့ကလေးတွေအများကြီးရှိတဲ့အတွက် ကျနော်တို့အများကြီးအားရတာပေါ့၊ ကျနော်တို့မှာ လက်နက်ခဲယမ်းကတော့ အများကြီး လိုနေပါသေးတယ်၊ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနိုင်ဖို့ပဲ အကူအညီ တောင်းချင်ပါတယ်” လို့ ဖယ်ခုံတပ်ရင်း-၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက တောင်းဆိုထားပါတယ်။
ဖယ်ခုံ PDF ကို ၁၀၀၂၊ ၁၀၀၄ နဲ့ ၁၀၀၆ တပ်ရင်း ၃ ခုနဲ့ ဖွဲ့ စည်းထားပြီး ကရင်နီဒေသအပြင် ရှမ်းပြည်တောင်ပိုင်း-ကရင်နီပြည် အစပ်နဲ့ တခြားပြည်နယ်နဲ့တိုင်းစစ်ဆင်ရေးတွေမှာလည်း ပါဝင်လှုပ်ရှားနေတယ်လို့ အဖွဲ့တာဝန်ရှိသူ တွေဆီက သိရပါတယ်။