ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်း၊ ဒေါကလိုးခူကျေးရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားပြီး လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်နေတယ်လို့ BPDF တာဝန်ခံ မရွှန်းလဲ့က မဲခေါင်သတင်းဌာနကို ဒီကနေ့ မေလ ၂၂ ရက်မှာ ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမဲ့ လက်နက်ကြီးနဲ့ ရမ်းကား ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သူကပြောပါတယ်။
“လွိုင်ကော် အရှေ့ဘက်ခြမ်းမှာ ည ၈ နာရီထဲက လက်နက်ကြီး ပစ်ခတ်နေတာပါ။ ဒီမနက်လည်း အသံ ထပ်ကြားပါတယ်တဲ့။ တိုက်ပွဲကတော့ မရှိပါဘူး။ ဒေါကလိုးခူကျေးရွာမှာ တပ်စွဲထားပြီး အဲ့နားက လိုက်ပစ် နေတာ။ လက်နက်ကြီးကတော့ နေ့တိုင်း ပစ်နေတာပဲ။ ရမ်းသမ်း ပစ်နေတာ” လို့ မရွှန်းလဲ့က ပြောပါတယ်။
စစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်စခန်း ရှိနိုင်တဲ့ နေရာတွေကို ကြောက်စိတ်နဲ့ ပစ်ခတ်နေတာဖြစ်ပြီး တစ်ခါ တစ်လေ အကြောင်းမဲ့ ပစ်ခတ်လေ့ရှိတယ်လို့ မရွှန်းလဲ့က ဆိုပါတယ်။
“စစ်တပ်နဲ့ ပျူစောထီးတွေက သူတို့နားမှာ PDF တွေ ရောက်နေမှာ ကြောက်တယ်လေ။ ဆိုတော့ သူတို့ တပ်စွဲထားတဲ့ နေရာနားဆို ပတ်ဝန်းကျင်ကို ပတ်ပစ်တာပဲ။ ပစ်ရှင်းရှင်းတဲ့ သဘောပေါ့။ ဟိုတစ်ခါ ကျွန်မတို့ ပျူစောထီး တစ်ယောက်ဆီက သိမ်းရတဲ့ ဖုန်းထဲမှာဆို ဒီတိုင်း RPG နဲ့ ဘေးပတ်ဝန်းကျင်ကို လိုက်ပစ်နေတာ တွေ့တယ်။ လက်နက်အားကိုးနဲ့ ရမ်းကားတာပါ” လို့ သူက ရှင်းပြပြောဆိုပါတယ်။
ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ခြမ်း အပါအဝင် နေရာအနှံ့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အကြမ်းဖက် ရမ်းကားမှုတွေကြောင့် ဒေသခံ ပြည်သူ ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အများစု စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ စစ်ရှောင် ကူညီစောင့်ရှောက်နေသူ တစ်ဦးက ပြောပါတယ်။