မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေပြု ဒေါနစစ်ကြောင်းရဲ့ အပတ်စဥ် (၇) ဆေးတပ်သား သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဒီကနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒေါနစစ်ကြောင်း အနေနဲ့ စစ်ဆင်ရေး လိုအပ်ချက်အရ၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု အတွက် အပတ်စဉ် (၇) ဆေးတပ်သား သင်တန်းကို စက်တင်ဘာလ ၁ ရက်က စတင်ခဲ့ပြီး ရက်ပေါင်း ၂၀ ကျော်ကြာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ သင်တန်းသား ၂၃ ဦးနဲ့အတူ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာပါ။
“ကျန်းမာရေး နယ်ပယ်ကနေ CDM ပြုလုပ်ပြီး ဒေါနစစ်ကြောင်း ဆေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကနေ ပြန်လည် သင်ကြားပေးတာပါ ခင်ဗျ။ ဒီနေ့ ဆင်းတဲ့ သင်တန်းသား အဖွဲ့တွေ ကတော့ နယ်မြေခံ မွန်တော်လှန်ရေး အဖွဲ့တွေ၊ ဒေါနစစ်ကြောင်း ဆေးတပ်ဖွဲ့ကို အသစ်ဝင်ရောက် ပူးပေါင်းတဲ့ အဖွဲ့တွေ၊ ဆေးပညာကို စိတ်ဝင်စားတဲ့ နယ်မြေခံ ပြည်သူလူထုတွေ ပါပါတယ်” လို့ ဒေါနစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။
အဆိုပါ သင်တန်းကို မွန်ပြည်နယ် အခြေစိုက် ရေးပြောက်ကျားတပ်ဖွဲ့ -YGF၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း-MSRO၊ KNLA တပ်ရင်း (၂၇)၊ ABSDF တပ်ရင်း (၁) က ရဲဘော်တွေနဲ့ အရပ်သားတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“သင်တန်းဆင်းပြီးသား ရဲဘော်တွေကတော့ ဒေါနစစ်ကြောင်း ဆေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင် နေတာလဲ ရှိသလို၊ အခြားနေရာတွေမှာလည်း တာဝန် ထမ်းဆောင်နေတာတွေ ရှိပါတယ်” လို့ ဒေါနစစ်ကြောင်း တာဝန်ခံက ဆက်ပြောပါတယ်။
ဆေးသင်တန်း တစ်လျှောက် စာတွေ့၊ လက်တွေ့ သင်ကြားပြီး အရည်ချင်းစစ် စာမေးပွဲများ ပြုလုပ်ကာ ပထမ၊ ဒုတိယ၊ တတိယနဲ့ သင်တန်း တစ်လျှောက် ဇွဲအရှိဆုံး ဇွဲဆုများ ပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။