ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ မင်းနန္ဒာလမ်း၊ (၁) စျေးကွေ့ရှိ ဂျပန် သင်တန်းကျောင်းက အမျိုးသမီး ၃၇ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
မနေ့ ဩဂုတ်လ ၂၄ ရက်၊ ည ၁၁ နာရီခွဲကျော်မှာ စစ်ကောင်စီတပ်က ဂျပန်သင်တန်းကျောင်းကို ဧည့်စာရင်း ၀င်စစ်ပြီးနောက် သင်တန်းတက်နေတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးသွားတာလို့ သူကပြောပါတယ်။
“လူက အရမ်းများတော့ သူတို့ ကားတွေနဲ့တောင် မဆန့်ဘူး။ လမ်းမှာ မောင်းနေတဲ့ ကားတွေ တားပြီး ကလေးမလေးတွေကို ဖမ်းပြီး တင်နေကြတာ။ ဖမ်းခံရတာတော့ သင်တန်း လာတက်နေတဲ့ ကလေးတွေ ဖမ်းခံရတာလို့ ကြားတယ်။ ဒီမနက် ရဲစခန်းကိုတော့ သွားပြီး ညှိနေတာတွေရှိတယ်” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
ရန်ကုန်မှာ စစ်တပ်က ရပ်ကွက်တွေ အတွင်း ဧည့်စာရင်းစစ် ဖမ်းဆီးငွေညှစ်တာ၊ အရက်သောက်နေတဲ့ လူငယ်တွေကို ဖမ်းဆီးတာ၊ ဖုန်းတွေစစ်ဆေး ဖမ်းဆီးတာတွေ အရင်ကထက် ပိုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ခုပုံစံ အရင်ကထက် ပိုဆိုးတယ်။ ဖမ်းတာတော့ မဟုတ်ဘူး၊ ရဲစခန်းမှာ တစ်ညအိပ်ခိုင်းပြီး ငွေညှစ်တာ။ အမှု တစ်ခုကို အနည်းဆုံး တစ်သိန်း တောင်းတယ်။ မနက်ကျရင် သူတို့က သက်ဆိုင်တဲ့ မြို့နယ် တရားရုံးကို ပို့လိုက်တယ်။ အဲ့တရားရုံးမှာလည်း တစ်သိန်းလောက် ကုန်တယ်။ ပြီးတော့မှ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးတာမျိုးတွေ လုပ်နေတာ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ရန်ကုန်မှာ စစ်ကောင်စီက လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး ငွေညှစ်နေလို့ မိဘတွေ အနေနဲ့ နေစဥ် စိုးရိမ်သောက ရောက်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။