စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ ဈေးအနီးတဝိုက်မှာ DK PDF – MMU ရဲဘော်တွေက ဇွန်လ ၁၉ ရက်ဒီကနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အမှတ်တရအနေနဲ့ “အမေစု သက်တော်ရာကျော်ရှည်ပါစေ” စာသားပါ လက်ကမ်းစာစောင်တွေကို ဒီမနက်ပိုင်းမှာ ဖြန့်ကြဲခဲ့တယ်လို့ DK PDF-MMU အဖွဲ့ဆီက သိရပါတယ်။
“ကျနော်တို့ ၇ နာရီ ၅၁ မိနစ်မှာ ဖြန့်ကြဲနိုင်ခဲ့ပါတယ်။ ဈေးအရှေ့ဘက်ကနေ ကြဲရင်းနဲ့ အမေစု သက်တော်ရာကျော်ရှည်ပါစေ အော်ပြီး တောက်လျှောက်ထွက်လမ်းအထိ ကြဲခဲ့တာပါ၊ လက်ကမ်းစာစောင်မှာ အမေစုပုံနဲ့ ကဗျာပါတယ်၊ အကြမ်းဖက်စစ်ကောင်စီနဲ့တော့ မတိုးပါဘူး၊ ဈေးဘက်ကိုတော့ သူတို့ကင်းပတ်သေးတယ်၊ သူတို့ပြန်သွားပြီး စခန်းထဲရောက်မှာကြဲခဲ့တာ” လို့ DK PDF-MMU အဖွဲ့တာဝန်ခံက ပြောပါတယ်။
လက်ကမ်းစာစောင်တွေ ဖြန့်တဲ့အချိန် ပြည်သူလူထုတွေက ဝန်းရံပေးခဲ့ကြသလို စာစောင်တွေကိုလည်း ကောက်ယူသွားကြတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံနေရတဲ့ ရဟန်းရှင်လူ ပြည်သူလူထုတွေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။