နေပြည်တော်မှာ ဖမ်ဆီးထိန်းသိမ်းခံနေရတဲ့ အသက် ၇၈ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ကျန်းမာရေးစောင့်ရှောက်ခွင့်ရသင့်တယ်လို့ ကုလသမဂ္ဂဘက်က တိုက်တွန်း ပြောဆိုလာကြောင်း BBC မှ ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးစောင့်ရှောက်မှု မရဘူးလို့ သားဖြစ်သူရဲ့ စိုးရိမ်ချက်ကို ထောက်ပြပြီး မှတ်ချက်ပေးဖို့ သတင်းထောက်တွေက မေးမြန်းချိန် ကုလပြောခွင့်ရသူက အခုလိုပြောလာတာပါ။
“ထိန်းသိမ်းခံရသူတွေတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ရှိတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို လွှတ်ပေးရေး ဆက်ပြီးတောင်းဆိုမယ်” လို့လည်း ပြောခွင့်ရက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ရက်တွေမှာ သွားနာပြီး အစားအသောက်မစားနိုင်တဲ့အခြေအနေဖြစ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ဗြိတိန်မှာနေထိုင်တဲ့ သားဖြစ်သူအပါအဝင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိုးရိမ်သံတွေ ပေါ်ထွက်လာခဲ့ကြပါတယ်။
စစ်ကောင်စီဘက်ကတော့ သတင်းတွေမှာဖော်ပြနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး ချို့တဲ့တယ်ဆိုတဲ့သတင်းကို ပယ်ချသလို ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးနေတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။