အကျဉ်းကျခံနေရတဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် “အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းအနေနဲ့ ချင်း (မင်းတပ်) ဝတ်စုံမျိုး ၃ စုံကို မဲဖောက်ဖို့ အစီအစဉ်ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်၊ မင်းတပ်မြို့ကို လာတုန်းက ဝတ်ဆင်ခဲ့တဲ့ ချင်း (မင်းတပ်) ဝတ်စုံမျိုး ၃ စုံကို အလှူရှင်တွေအတွက် မဲဖောက်ပြီး လက်ဆောင်ပေးဖို့ စီစဥ်ထားကာ ကံထူးရှင်နေထိုင်တဲ့ တိုင်း၊ ပြည်နယ်၊ နိုင်ငံအထိ လက်ထဲအရောက် ပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်မြို့) Chin Defence Force – Mindat ကပြောပါတယ်။
CDF Mindat မှ ကမ်ပိန်းမန်နေဂျာတဦးက“အမေစု ဝတ်ခဲ့တဲ့ ချင်း(မင်းတပ်) ရိုးရာဝတ်စုံလိုမျိုး ၃ sets ကို မဲဖောက်ပေးမှာပါဗျ။ အမေစု မွေးနေ့ကို ရည်စူးပြီး ကျနော်တို့ရဲ့ ကမ်ပိန်းမှာ ပါဝင်ဖို့ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျား” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါ Challenge ကို ဇွန် ၁၂ ကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ဇွန် ၁၉ ရက်အထိ ဖွင့်ထားမှာဖြစ်ကာ အလှူစာရင်းနဲ့ အလှူရှင်များရဲ့ စာရင်းကိုလည်း CDF – Mindat ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာနေ့စဥ်တင်ပေးသွားမှာဖြစ်ကြောင်းနဲ့ ကံစမ်းမဲကို ဖေ့စ်ဘွတ်ခ် live လွှင့်ပြီး ဖောက်မှာဖြစ်ပါတယ်။
“ချင်းပြည်ကို စကစ မထိုးဖောက်နိုင်ရင် စစ်ကိုင်းအနောက်ပိုင်း၊ မကွေးအနောက်ပိုင်းနဲ့ ယောဒေသတို့ပါ လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်ဖို့ အလားအလာ ကောင်းနေတဲ့အတွက် အစဉ်အလာကြီးခဲ့တဲ့ ချင်းတပ်တွေ၊ အထူးသဖြင့် ကိုလိုနီနယ်ချဲ့ တော်လှန်ရေး၊ မြန်မာ့လွတ်လပ်ရေး အခန်းကဏ္ဏမှာ အစဉ်အလာကြီးခဲ့တဲ့ ချင်းတပ်တွေကို ပြည်သူတွေ ခွန်အားဖြည့်ပေးကြဖို့ တောင်းဆိုလိုပါတယ်ဗျ” လို့ CDF Mindat မှ ကမ်ပိန်းမန်နေဂျာတဦးက ပြောပါတယ်။
အမေစုရဲ့ သားသမီးများ၊ အမေစုကိုချစ်တဲ့ သားသမီးများ အနေနဲ့ အမေစုကို ချစ်တဲ့အကြောင်း Challenge မှာ ပါဝင်ခြင်းဖြင့် အမေစုရဲ့ မွေးနေ့ကို ကြိုဆိုကြပါစို့လို့လည်း CDF Mindat က တိုက်တွန်းနှိုးဆော်ထားပါတယ်။