ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နဲ့ ငါးသိုင်းချောင်းမြို့တို့မှာ ဒီဇင်ဘာ ၂၉ ရက်မှာ စစ်ကောင်စီဝန်ကြီးတွေ လာရောက်မှာ ဖြစ်တာကြောင့် လုံခြုံရေးတင်းကျပ်ပြီး လမ်းဘေးဆိုင်တွေကို ဖျက်သိမ်းခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဝန်ကြီးတွေဟာ ဒီဇင်ဘာ ၂၉ ရက် ငါးသိုင်းချောင်းမြို့ကို လာရောက်မှာဖြစ်တဲ့အတွက် ငါးသိုင်းချောင်းမြို့အတွင်း အစစ်အဆေးများနေပြီး သန့်ရှင်းရေးတွေလည်း လုပ်ခိုင်းနေပါတယ်။
ငါးသိုင်းချောင်းဒေသခံတဦးက “ဧရာဝတီဝန်ကြီးနဲ့ ပြည်ထောင်စုဝန်ကြီး နှစ်ယောက်ထဲက တယောက်လာမှာဖြစ်လို့ မြို့အဝင်အထွက်တွေမှာ စစ်သားတွေစစ်တယ်။ မြို့ထဲက လမ်းမဘေးမှာနေတဲ့ အိမ်တွေကိုလည်း ခြုံတွေ အမှိုက်တွေ လိုက်ရှင်းခိုင်းနေတယ်။ ရဲတွေ စစ်သားတွေကလည်း ဆိုင်ကယ်တွေနဲ့ တောက်လျေှာက် ကင်းပတ်နေတာ။ လမ်းဘေးဈေးဆိုင်တွေကို သူတို့က ဒီရက်ပိုင်းမထွက်ဖို့တော့ ပြောထားပါတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဝန်ကြီးဟာ အခုရက်ပိုင်းအတွင်း ဓနုဖြူမြို့ပေါ်ရှိ လမ်းဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်တဲ့အတွက် အစစ်အဆေး တင်းကျပ်နေပြီး လမ်းဘေးဆိုင်တွေကို အတင်းဖျက်သိမ်းခိုင်းနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဓနုဖြူမှာ လမ်းဖွင့်ပွဲအတွက် လူကြီးလာမှာဆိုပြီး လမ်းဘေးဆိုင်တွေကို အတင်းဖျက်ခိုင်းနေတာ။ ရဲတွေကလည်း တမြို့လုံး ခြေရှုပ်နေတာပဲ။ အရင်က ဒီဘက်တွေဟာ အစစ်အဆေးသိပ်မရှိဘူး။ ခုတော့ ကားတွေ ဆိုင်ကယ်တွေ အကုန်စစ်နေတာ။”
ဒီနေ့မနက်မှာလည်း ပုသိမ်ခရိုင် ရေကြည်-ငါးသိုင်းချောင်း အနောက်ဘက်မှာ တိုင်းအဆင့် လူကြီး လမ်းကြောင်းရှိတဲ့အတွက် စစ်ကောင်စီတပ်သားတွေဟာ ကား၊ ဆိုင်ကယ်တွေနဲ့ ကင်းပတ်နေပါတယ်။