မြင်းခြံထောင်ကနေ အခုနှစ် မေလ ၃ ရက်နေ့၊ ကဆုန်လပြည့်နေ့မှာ ပြန်လွတ်လာတဲ့ ရွှေမဟာနွယ် ပရဟိတ အသင်း ဥက္ကဌ ဒေါ်နွယ်နွယ်ဝင်း ကို ၈၈၈၈ အထိမ်းအမှတ် ဓာတ်ပုံ ကမ်ပိန်းမှာ ပါဝင်တယ်ဆိုပြီး မှားယွင်း ဖမ်းဆီးထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက် တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ပြောပါတယ်။
ဒီဓာတ်ပုံ ကမ်ပိန်းမှာ ပါဝင်တဲ့ လွတ်မြောက်နယ်မြေရောက် အမျိုးသမီးနဲ့ မှားပြီး ဒေါ်နွယ်နွယ်ဝင်း ကို သြဂုတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက မန္တလေးမြို့ နေအိမ်မှာ လာရောက် ဖမ်းသွားတာလို့ ဆိုပါတယ်။
“ဓာတ်ပုံ ကမ်ပိန်းမှာ ပါဝင်တဲ့သူတွေက နိုင်ငံခြား ရောက်နေတဲ့ သူတွေနဲ့ လွတ်မြောက်ဒေသ ရောက်နေတဲ့ သူတွေပဲ ကမ်ပိန်းမှာ ပါဝင်ကြတာပါ။ အဲ့အမက မြို့ပေါ်နေနေတာ။ သူမပါ ပါဘူး”လို့ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။
မန်းလေးမြို့မှာ နေထိုင်နေတဲ့ ဒေါ်နွယ်နွယ်ဝင်း ဟာ သြဂုတ်လ ၁ ရက်နေ့ မြင်းခြံထောင်က နိုင်ငံရေး အကျဥ်းသား တချို့ လွတ်မယ့် သတင်းပိုစ့်တင်တာ၊ ကြိုဆိုဖို့ သွားရောက်ခဲ့တာတွေကြောင့် တယ်လီဂရန်မှာ စစ်တပ် လော်ဘီတွေက ဖမ်းဆီးဖို့ လှုံဆော်တာတွေ ရှိတယ်လို့ သိရပါတယ်။