ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့က နဂါးနှစ်ကောင်ဆရာတော်စျာပနကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရောက်ရှိနေတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း(က) ရပ်ကွက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ဓမ္မာရုံတော်ကြီးမှာ ပျံလွန်တော်မူသွားတဲ့ နဂါးနှစ်ကောင်ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပနအတွက် ဧပြီလ ၃ရက် ညနေပိုင်းမှာလာရောက်တာလို့ သိရပါတယ်။
စျာပနကို ဧပြီလ ၆ ရက်နေ့ ပြုလုပ်မှာဖြစ်တဲ့အတွက် လာရောက်တာဖြစ်ပြီး သူလာလို့ လမ်းအချို့ပိတ်ကာ လုံခြုံရေးတွေ တင်းကြပ်နေတယ်လို့သိရပါတယ်။
ဧပြီလ ၂ရက်က အစမ်းလေ့ကျင့်ရာမှာ ဝစီပိတ်ဆရာတော်က စျာပနကွင်းကို ကြည်ရှု့စစ်ဆေးပြီး ဝတ်စုံပြည့် ကျောင်းသူတွေ စစ်ကောင်စီတပ်၊ရဲတွေ အပြည့်ရှိနေကာ ရပ်ကြည့်နေသူတွေကို ဓာတ်ပုံရိုက်ခွင့်မပြုသလို ရိုက်ရင်ဖုန်းတွေ သိမ်းခံရမယ်ပြောတယ်လို့ သိရပါတယ်။
အဲဒီ စျာပနကို တက်ရောက်တဲ့သူတွေရဲ့ မှတ်ပုံတင်မိတ္တူပေးရမှာဖြစ်ပြီး ဧပြီလ ၅ ရက် ၆ ရက်တွေမှာ လမ်းဘေးပျံကျစျေးဆိုင်တွေ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။
ယမန်နေ့ညက သီတဂူဆရာတော်တရားဟောတယ်လို့သိရပြီး တာချီလိတ်မြို့မှာ မြန်မာဖုန်းလိုင်းတွေ ဆက်သွယ်လို့မရဘူးလို့ သိရပါတယ်။
နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိသက်တော်၉၆နှစ် ၊ဝါတော်၇၆ဝါ၊ ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၂ မိနစ် အချိန်က ပျံလွန်တော်မူသွားခဲ့တာ ဖြစ်ပါတယ်။