ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ တင်စိုးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F Nattalin ထံမှ သိရသည်။
မတ်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်က နတ်တလင်းမြို့နယ်၊ အရှေ့ဘက် ကံစုရွာ တွင် နေထိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်း တည်နေရာများအား လိုက်လံရှာဖွေ စုံစမ်း ၍ အုပ်ချုပ်ရေးမှူးများနှင့် စစ်သား၊ ရဲများအား သတင်းပေးနေသူ တင်စိုးကို ဖမ်းဆီးပြီးခေါ်ဆောင် လာစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ တင်စိုး၏ သတင်းပေးပို့မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များတည်ရှိရာ တပ်စခန်းသို့ အကြမ်းဖက်စစ်သားများလာရောက်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်ခံခဲ့ရကြောင်း၊ ထို့အပြင် တင်စိုးသည် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှန်သမျှကို အားပေး ထောက်ခံသည့်အပြင် ၎င်းကိုယ်တိုင် အားတက်သရော စုံစမ်းကာ သတင်းပေးနေသူဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၁၊ တပ်ခွဲ ၂ ၊ Phoenix DF ရဲဘော် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအပေါ် အတင်းအဓမ္မ စစ်မှုထမ်းရန် ဖိအားပေးလုပ် ဆောင်နေ သူ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများကိုပါ ဆက်လက်သုတ်သင် ရှင်းလင်းသွားမည်ဖြစ် ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အလားတူ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် ပျူစောထီး သင်တန်းဆင်းလာသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပလိပ်မြို့၊ အင်းလျားရွာထိပ် လက်ဖက်ရည်ဆိုင်ရှေ့တွင် ပျူစောထီး သင်တန်းဆင်းလာသူ စိုးမိုးအောင်ကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“ဒီနေ့ မနက် ၇ နာရီလောက်က ပလိပ်မြို့ အင်းလျားရွာထိပ် လက်ဖက်ရည်ဆိုင်မှာ ပျူစောထီး သင်တန်းဆင်း စိုးမိုးအောင် သေနတ်နဲ့အပစ်ခံလိုက်ရပြီးသေသွားပါတယ်။ အင်လျားရွာက ပျူစောထီးတွေ ကြံ့ဖွတ်ပါတီက လူတွေ အများအပြားရှိတဲ့ ရွာလည်းဖြစ်တယ်။ လက်ဖက်ရည်ဆိုင် ရှေ့မှာ သေနတ်နဲ့ ၃ ချက် ပစ်ခတ်လို့ နေရာတင် သေသွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
သေဆုံးသွားသော ပျူစောထီး စိုးမိုးအောင်၏ အလောင်းကို စဥ့်ကိုင်မြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သယ်ဆောင်သွားကြောင်း သိရသည်။