မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုကို အ နီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF – PLA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(အောက်တိုဘာ ၂၆)ညနေ ၆ နာရီခန့်က နတ်မောက်မြို့နယ် သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းအား OPRF – PLA ရဲဘော်များမှ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဒီနှစ်လယ်နောက်ပိုင်းကမှ တပ်စွဲနေတာပါ။ အလွန်မကြာသေးပါဘူးဗျ။ စစ်ကြောင်းထိုးပြီးအပြန် နေရာယူဂိတ်ထိုးတာမျိုးပါဗျ”ဟု ဝင်ရောက်ပစ်ခတ်ခဲ့သည့် သမှုန်းကုန်းကြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်အခြေနေကို OPRF – PLA တပ်ဖွဲ့တာဝန်ခံက People’s Spring သို့ ပြောသည်။
အဆိုပါ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား နှစ်ဦးထိမှန် သေဆုံးသွားခြင်းကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ သမှုန်းကုန်းကြီးစစ်ဆေးရေးဂိတ်တွင် အင်အားထပ်ဖြည့်ထားပြီး ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်လျှက်ရှိကာ တိုက်ခိုက်မှုအတွင်း OPRF – PLA တပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။
နတ်မေက်-စိုင်ကောင်း ကားလမ်းပေါ်ရှိ သမှုန်းကုန်းကြီး စစ်ဆေးရေးဂိတ်တွင် ပုံမှန်အားဖြင့် စစ်ကောင်စီတပ်သား ၂၀ကျော်ခန့်ချ ထားလေ့ရှိသော်လည်း တော်လှန်ရေးရဲဘော်များဝင်ရောက်ပစ်ခတ်ချိန်တွင် ၁၀ဦးကျော်သာတွေ့ရပြီး အဆိုပါစစ်ဆေးရေးဂိတ်သည် နတ်မောက်မြို့ပေါ်မှနေ၍ ဆိုင်ကယ်ဖြင့် ၁၅မိနစ်ခန့်သာသွားရသည့် အကွာအဝေးတွင် တည်ရှိသည်။