မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ၏ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ(ပပန-နတ်မောက်)စစ်ဆေရေးဂိတ်ကို မဟာမိတ်တပ်များနှင့်အတူ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၄)ည ၇ နာရီခန့်က နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာရှိ ပပန-နတ်မောက် စစ်ဆေးရေးဂိတ်အား ကိုက် (၂၀၀)ခန့်အကွာထိချဥ်းကပ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်း (၉၀၂) တပ်ရင်း၊ နတ်မောက်ပြည်သူ့ကာ ကွယ်ရေးတပ်နှင့် OPRF – PLA တို့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“(စစ်ကောင်စီတပ်)အင်အားက ပုံမှန်မရှိဘူး။ ၁၀ ယောက်နဲ့အထက်တော့ အမြဲတမ်းလို လိုရှိတတ်တယ်။ မနေ့ညနေကတော့ နဲနဲများတယ်”ဟု စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်အင်အားအခြေအနေကို OPRF-PLA မှ တာဝန်ရှိသူက ပြောသည်။
အထက်ပါ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုတွင် ရန်သူ့ဘက်မှလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် ပပန-နတ်မောက် စစ် ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင်သော်လည်း အခြေအနေအတိ အကျအား မသိရသေးဟု OPRF-PLA က အသိပေးထားသည်။
နတ်မောက်မြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျှက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်ကလည်း ကုလားရှင်ကျေးရွာရှိ စစ်သားနှင့်ရဲ အင်အား ၃၀ခန့်ဖြင့် ဂိတ်ချစစ်ဆေးနေသည့်နေရာကို OPRF-PLAက ကိုက် ၁၀၀အကွာခန့်အထိချဥ်းကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။