မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိပြီး ယနေ့ ညပိုင်းထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း သာစည် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် နတ်မောက်မြို့ အရှေ့ပိုင်းမှ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖက်တောရေရွာကို နံနက် ၈ နာရီကျော်ခန့်မှ စတင်၍ ဖက်တောရေရွာကို ဝင်ရောက် စီးနင်းမီးရှို့နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဖက်တော်ရေရွာကို လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက်မိုင်းဆွဲ တိုက်ခိုက်ခဲ့သော်လည်း စစ်ကြောင်းတွင် jammer များ ပါလာသောကြောင့် မိုင်းကွဲခဲ့ခြင်းမရှိကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ဖက်တော်ရေရွာထဲ၌ ရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာထွက်ပေါက်များတွင် ပိတ်ဆို့ထားသောကြောင့် ယနေ့ ညပိုင်းထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာထဲမှ ထွက်မလာရဲဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ် ပစ်ခတ်နေကြောင်း သိရသည်။
“နတ်မောက် အရှေ့ပိုင်းက လာတဲ့ စစ်ခွေး စစ်ကြောင်း အင်အား ၅၀ လောက်ပါတယ်။ စစ်ခွေးတွေ ဖက်တောရေရွာကို မီးရှို့တာနဲ့ တိုက်ပွဲက စဖြစ်တာ လက်ရှိတော့ တစ်ရွာလုံး တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက ဖက်တောရေရွာထဲမှပဲ ရွာပြင်ကို ထွက်မလာရဲဘူး။ အခုချိန်ထိတော့ သူပစ်ကိုယ်ပစ်ပဲ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု သာစည် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို သာစည် PDF ၊ နတ်မောက်ကျား ၊ နတ်မောက် ပကဖ ၊ မြို့သစ် ပကဖ ၊ အောင်ဆန်းလမ်း ငါးပြေမ တပ်ဖွဲ့ ၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၁ ဂဠုန် တပ်ဖွဲ့ ၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၃ တိုက်ဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိသာနိုး လက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ၊ ဗိသာနိုး လက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့ ၊ ၉၀၂ တပ်ရင်း၊ Aru 2 တပ်ရင်း တို့က ပူးပေါင်း တိုက်ခိုက်နေကြောင်း သာစည် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။