ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့အတွင်းရှိ အာဏာသိမ်း စစ် ကောင်စီတပ်သည် ၎င်းတပ်ဖွဲ့ဝင်များအား ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်နိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်သည်။
ဇန်နဝါရီ ၅ရက် နံနက်က တောင်ငူလေတပ်မှ တက်လာသော ဂျက်ဖိုက်တာများသည် နတ်သံကွင်းမြို့အတွင်းသို့ ဗုံးသုံးလုံးနှင့် လေယာဉ်ပါစက်သေနတ်ဖြင့် သုံးကြိမ်ခန့် ပစ်ခတ်သွားခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဗုံး၊ Rocket နှင့် စက်သေနတ်သုံးပစ်ခတ်ပြီး ညနေတွင် တောင်ငူလေတပ်မှတက်လာသော MI-2 အမျိုးအစား ရဟတ်ယာဥ် တစ်စီးမှ နတ်သံကွင်းမြို့အတွင်းသို့ ရိက္ခာနှင့် ခဲယမ်းအထုပ်(၈)ထုပ်ကို လေထီးဖြင့်ချသွားပေးခဲ့သည်ဟု ဖော်ပြသည်။
နတ်သံကွင်းကို KNU ပူးပေါင်းတပ်က တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိပြီး လက်နက်ခဲယမ်း အချို့ရထားသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် KNU နယ်မြေရှိ အရပ်သားများ ထိခိုက်သေဆုံးဆက်ရှိနေဟုလည်း အသိပေးသည်။
KNUညောင်လေးပင်ခရိုင် တပ်မဟာ (၃)နယ်မြေ မူး(မုန်း)မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှု ဆက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဇန်နဝါရီ ၄ရက် ညနေတွင် အာဏာသိမ်း စစ် ကောင်စီတပ်၏ ခမရ−၃၀၇ တပ်ရင်းမှ ပစ်ခတ်လိုက်သော (၁၂၀)မမ လက်နက်ကြီး တစ်လုံးသည် ဖြူးမြို့နယ် သစ်ချဆိပ်ကျေးရွာအတွင်း သို့ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သား သုံးဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။