ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲချရာ ကလေးငယ် ၄ ဦးနှင့် ပြည်သူ ၁ ဦး စုစုပေါင်း ၅ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် နတ်သံကွင်းမြို့ပတ်ဝန်းကျင်နေရာများအားလုံးကို ဗုံးကျဲချရာ ကလေးငယ် ၄ ဦး၊ အသက် ၃၈ နှစ်အရွယ် ပြည်သူ ၁ ဦးသေဆုံးသွားကြောင်း သိရှိရသည်။
“စစ်တပ်က သူတို့စခန်းတွေကကျကုန်တော့ လေကြောင်းကနေ အကုန် ဗုံးကျဲနေတာ။ နတ်သံကွင်းနဲ့ကပ်လျက်မှာရှိတဲ့ တံခွန်တိုင် ၂ ရပ်ကွက်မှာ ကလေးငယ် ၃ ဦး ပွဲချင်းပြီး ဆုံးတယ်။ ဗုံးထိပြီးတော့။ နောက်တစ်ခါ နတ်သံကွင်းဘက်မှာ ကလေးငယ် ၁ ဦးနဲ့ လူကြီး ၁ ဦး ဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်က လက်ရှိ သတင်းရေးသားချိန်အထိ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။