ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ ဖားကန့် – မြစ်ကြီးနားလမ်းပေါ်မှာ ရှိတဲ့ နန့်ယားကျေးရွာက အကြမ်းဖက် စစ်တပ်တပ်စခန်းကို KIA၊ PDFပူးပေါင်းတပ်က ဒီနေ့မနက် ၆နာရီမှာ တိုက် ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အဆိုပါ အကြမ်းဖက် စစ်တပ်စခန်းကို ဧပြီ ၉ရက် မနက် ၅နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ရက်မြောက်နေ့ဖြစ်တဲ့ ဧပြီ ၁၁ရက် ဒီမနက်မှာ KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။
” ဒီမနက် ၆နာရီလောက်မှာ နန့်ယားစစ်ကောင်စီစခန်းကို သိမ်းပြီးတော့ ဝင်ရောက်ရှင်းလင်းနိုင်ပြီ။ စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူစစ်တွေ ပူးပေါင်း ထိုင်ထားတဲ့ စခန်းဖြစ်တယ်။ ဒီမနက်မှာ အလံဖြူထောင် လက်နက်ချသွားတယ်။ အလံဖြူထောင်တာက ၃၀ လောက်ရှိတယ်။ ” လို့ ဖားကန့်မြို့ ဒေသခံတဦးက ပြောပါတယ်။
နန့်ယား အကြမ်းဖက် စစ်ကောင်စီတပ်စခန်းဟာ နန့်ယားရွာအထွက်မှာ တည်ရှိပြီးတော့ အ ကြမ်းဖက် စစ်သားနဲ့ ရှမ်းနီပြည်သူ့စစ်အင်အား ၁၀၀ ကျော်နဲ့ အထိုင်ချ တပ်စွဲထားကာ ပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်တပ် စစ်တပ်ဂိတ်စခန်း တခုဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် တပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို အဲဒီထဲက တပ်သား ၃၀ အလံဖြူထောင် လက်နက်ချအညံ့ခံခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေကဆိုပါတယ်။
တိုက်ပွဲပြင်းထန်တဲ့ နှစ်ရက်အတွင်း အကြမ်းဖက် စစ်တပ်ဘက်က လေကြောင်းကနေ ၁၀ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နန့်ယားရွာက ဆန်စက်တွေ အပါအဝင် နေအိမ် ၁၀လုံးကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပေမယ့် ပြည်သူ ထိခိုက်သေဆုံးမှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။
နန့်ယားကျေးရွာဟာ လူဦးရေ ၁၀၀၀ ဝန်းကျင်နေထိုင်တဲ့ ကျေးရွာကြီးဖြစ်ပြီးတော့ တိုက် ပွဲစတင်ကတည်းက နန့်ယားကျေးရွာ အပါအဝင် ဆိုင်ဖရာ၊ ကပ်မှော်ဇွပ် ကျေးရွာက ဒေသ ခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတာပဲ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်တပ်ကလည်း လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လူဦးရေ ၁၀၀၀ ဝန်းကျင်နေထိုင်တဲ့ နန့်ယားကျေးရွာကို ဗုံးဆံတွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေ မီးလောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆယ်ဇင်းကျေးရွာက အကြမ်းဖက် ရဲစခန်းကို ဧပြီ ၉ရက်မှာ KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပြီး ဆယ်ဇင်း အကြမ်းဖက် စစ်တပ်စခန်းကိုတော့ အပြီးသိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။