ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် စစ်ကြောင်းဝင်နေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ဒေသခံများလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
နန်းမားမြို့ နန့်စော်လော်နှင့်တောင်အင်းဘက်တို့တွင် စစ်ကောင်စီတပ် အင်အား ၅၀ခန့်ပါစစ်ကြောင်းတစ်ကြောင်းဝင်ရောက်နေပြီး ယနေ့ နံနက် ၇ နာရီအချိန်မှမွန်းလွဲ ၂ နာရီအချိန်ထိ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများထွက်ပြေးနေရပြီး အမျိုးသားတစ်ဦးက လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း နန်းမားမြို့နေ အသက် ၄၀ ရှိအမျိုးသားတစ်ဦးက KNG ကိုပြောသည်။
”မနက် ၇နာရီလောက်ကနေပစ်နေတာ မနက်စောစောပိုင်းက နန့်စော်လော်ဘက်ပစ်တယ် ခုန တော့ တောင်အင်းဘက်ကိုရောက်ခဲ့ပြီအဲ့မှာပစ်နေတာ။ နားလိုက်ပစ်လိုက်လုပ်နေတာ။ ရန်အောင်ရပ်ကွက်ကအိမ်တစ်အိမ်မှာတော့ တစ်လုံးမှာကျပြီး အမျိုးသားတစ်ယောက်သေဆုံးသွားတယ် ”ဟု ပြောသည်။
လက်နက်ကြီးထိမှန်သေဆုံးသွားသူသည် နန်းမားမြို့ ရန်အောင်ရပ်ကွက်နေ ဦးစိန်ဝင်း၊ အသက် ၅၀ ကျော် ရှိသူဖြစ်ကြောင်း သိရသည်။
လက်ရှိစစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်ပြီး စစ်ကြောင်းထိုးနေမှုကြောင့် လက်ရှိ နန့်စော်လောနဲ့ တောင်အင်း နန်းမားသံလမ်းအရှေ့ဘက်ခြမ်းနေထိုင်သည့် ပြည်သူအများစုသည် ယနေ့နံနက်ပိုင်းမှစ၍ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
”စစ်ကြောင်းက ဝင်တာ သုံးရက်လောက်ရှိပြီလေး။ ဒီနေ့မှပဲ ရမ်းပစ်နေတာတိုက်ပွဲဘာညာဖြစ်တာလည်းမကြားပါဘူးသူတို့ပဲတစ်ဖက်သတ်ပစ်နေတာ။ သံလမ်းအနောက်ခြမ်းကအဲ့လောက်မစိုးဘူးအရှေ့ဘက်ခြမ်းတွေကတောအားလုံးနည်းပါးရှောင်နေကြတယ်”ဟု နန်းမားဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီလက်နက်ကြီးရမ်းပစ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့သည့်အပြင် အမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရပြီး အသေးစိတ်ကိုစုံစမ်းနေဆဲ ဖြစ်သည်။
နန်းမားမြို့ ရန်အောင်ရပ်ကွက်ရှိ နန်းမားနယ်မြေရဲစခန်းကို KIA ၊PDF တို့က မေလ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ဒရုန်းဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲအများအပြား ထိခိုက်ဒဏ်ရာရရှခဲ့ကာ ယနေ့မနက်ပိုင်းတွင်စစ်တပ်က လက်နက်ကြီးများစတင်ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။