ရှမ်းမြောက်ဒေသအတွင်းက နမ့်ခမ်းမြို့ရှိ စစ်ကောင်စီရဲ့ စခန်းသစ်မကျဆုံးရေး ရဟတ်ယာဉ်နဲ့ ပို့ဆောင်လိုက်တဲ့ စစ်ကူအင်အားတွေကို တအာင်းတပ်မတော် TNLA က လိုက်လံရှင်းလင်းချေမှုန်းနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လယ်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ကနေ စခန်းသစ်ကုန်းဘက်ကို စစ်ကူပေးဖို့ နမ့်ခမ်းမြို့နယ် နောင်ကောင် ကျေးရွာ သချိုင်းကုန်းနဲ့ ကွန်လုံကျေးရွာ ဘောလုံးကွင်းဘက်မှာ ရဟတ်ယာဉ်နဲ့ စစ်ကူအင်အား ၁၀၀ နီးပါးကို သုံးကြိမ် လာရောက်ပို့ဆောင်ခဲ့တာပါ။
စစ်ကောင်စီကနေ ပို့ဆောင်လိုက်တဲ့ စစ်ကူတွေကို TNLA က ရှင်းလင်းချေမှုန်းရာမှာ စစ်ကောင်စီတပ်က အကျအ ဆုံးများခဲ့ပြီး လက်နက်မျိုးစုံ ၁၉ လက်၊ ကျည်ဆံ ၄ သေတ္တာ၊ ဆက်သွယ်ရေးစက်၊ ဆေးဝါးတွေနဲ့ စစ်သုံး ဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ စခန်းသစ်မကျဆုံးရေးအတွက် လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ် ရက်ဆက် ကြိမ်ရေရာချီ အသုံးပြုတိုက်ခိုက်နေတဲ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာတွေကိုလည်း နေ့စဉ်ဦးတည်တိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြောပါတယ်။
စခန်းသစ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကနေ ဂျက်ဖိုက်တာနဲ့ ၂၂၁ ကြိမ်၊ Y8/Y12 လေယာဉ်နဲ့ ၆၂ ကြိမ်၊ Mi35 နဲ့ ၁၇ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပြင် မန်တတ်နဲ့ နမ့်ဖတ်ကာ တပ်စခန်းတို့ကနေ လက်နက်ကြီးနဲ့ ကြိမ်ရေ ၃၅၀ ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။