ရှမ်းပြည်မြောက်ပိုင်း ၊ မန်အောင်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့ စုပေါင်းအကောင်အထည် ဖော်ဆောင်တဲ့ ၁၀၂၇စစ်ဆင်ရေး အရေးပေါ်ကာလအခြေအနေမှာ ပြည်သူများ လုံခြုံရေး နဲ့ စစ်ဘေးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် လိုက်နာရမယ့် စည်းမျဥ်း၊စည်းကမ်းများကို PSLF/TNLA က နိုဝင်ဘာ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
နမ့်ခမ်းမြို့နယ် ပြည်သူများအနေနဲ့ ည ၈ နာရီမှ မနက် ၆ နာရီအတွင်း နေအိမ်ခြံဝင်းအတွင်းမှ အပြင်သို့ လှုပ်ရှားသွားလာခြင်း မပြုရန် နဲ့ အရေးပေါ် သွားလာရန်လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ခွင့်ပြုချက်တောင်းခံရမယ်လို့ ဆိုပါတယ်။
မြို့နယ်အတွင်း ဒုစရိုက်မှု နဲ့ ရာဇဝတ်မှုများကျူးလွန်ခြင်း မပြုရန် ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း၊ သယ်ဆောင်ခြင်းများကို လုံးဝမပြုလုပ်ရန် နဲ့ စားသောက်ကုန်စျေးနှုန်းများ အဆမတန် စျေးမြှင့်ရောင်းချ ခြင်းကိုမပြုလုပ်ရန်တို့ တားမြစ်ပိတ်ပင်ထားပါတယ်။
ထုတ်ပြန်ချက်ပါ စည်းမျဥ်း၊စည်းကမ်းများအား လိုက်နာဆောင်ရွက် ခြင်းမရှိဘဲ၊ချိုးဖောက်ပါက PSLF/TNLA ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးရဲ့ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့မှ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။