ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ ဘိန်းစိုက်ခင်း ဧက တစ်ထောင်ကျော်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော်(PSLF/TNLA) တပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။
ကျေးရွာပေါင်း ၁၅ရွာရှိ ဘိန်းစိုက်ခင်းပေါင်း ၁၁၂၅ ဧကကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဒေသများသည် စစ်ကောင်စီလက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့သည့် နေရာဒေသဖြစ်ကြောင်း အသိပေးသည်။
သွားရောက်ဖျက်ဆီးခဲ့သည့် ကျေးရွာများမှာ တာကွမ့်ကျေးရွာ ၊ ရှောက်ကုန်းကန်၊ မန်ပန်း(ထက်၊အောက်) ၊ ကန်ဖာဖို ၊ အထက်ဆတန်း၊ အောက်ဆတန်း၊ ပန်ဆေး ၊ ဆန်ချယ် ၊ မန်မောင်း ၊ မန့်မိုင် ၊ လျောက်ပန်းကုန်း ၊ ပုံစာတီ ၊ ၁၂မိုင် ၊ ပါင်ဝို နှင့် မည်ခမ်း ကျေးရွာများ ဖြစ်သည်ဟု သိရသည်။
အဆိုပါဒေသတွင် TNLA အနေဖြင့် ၂၀၁၇ က တစ်ကြိမ်၊ ၂၀၂၀ တွင် တစ်ကြိမ် ဘိန်းစိုက်ခင်းများ သွားရောက်ဖျက်ဆီးခဲ့ဖူးပြီးထိုစဉ်က ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် TNLA အနေဖြင့် နမ့်ခမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မတ်လတွင် ဘိန်းစိုက်ခင်း ဖျက်ဆီးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသော ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်စီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)၏ ၂၀၂၃ နှစ်ကုန်ပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးထုတ်လုပ်
မှုများလာရာ ၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန် နိုင်ငံကို ကျော်ဖြတ်၍ ကမ္ဘာ့ဘိန်းအများဆုံးစိုက်ပျိုးထုတ်လုပ်သောနိုင်ငံဖြစ်လာသည်။
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဧကပေါင်း ၁၁၆၀၀၀ ကျော် ( ၄၇,၁၀၀ ဟက်တာ)ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ဧကပေါင်း ၁၇၀၀၀ ကျော်ပိုတိုးလာသည်ဟု UNODC ကဖော်ပြသည်။ အလားတူ ဘိန်းပင်မှ ဘိန်းကုန်ကြမ်းထုတ်လုပ်မှုမှာ လည်း ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်ချိန်ပေါင်း ၁၀၈၀ ရှိကြောင်း သိရသည်။
ပြည်တွင်း၌ ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသမှာ ရှမ်းပြည်
နယ် ဖြစ်ပြီး ၊ ရွှေတြိဂံ ဆက်စပ်ဒေသများတွင် ဘိန်းစိုက်
ပျိုးမှုရော ထုတ်လုပ်မှုပါအများဆုံးဖြစ်ကြောင်းUNODC ကဖော်ပြသည်။ ထို့အပြင် ချင်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့မှာ ပြည်တွင်း၌ဒုတိယနှင့် တတိယအများဆုံး ဘိန်းစိုက်ပျိုးသောဒေသများဖြစ်သည်ဟု UNODC က ၂၀၂၃ ဒီဇင်ဘာလ အစီရင်ခံစာ၌ ဖော်ပြထားသည်။