ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်အောင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် တိုက်နယ်ဆေးရုံ ထိမှန်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၄ မိနစ်ခန့်တွင် နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မန်အောင်ကျေးရွာအတွင်းရှိ တိုက်နယ်ဆေးရုံထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း မန်အောင်ကျေးရွာမှ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး တို့လည်း ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ကျောက်မဲမြို့နယ်တွင်လည်း နောင်ပြစ်ကျေးရွာလမ်းခွဲတွင် ယနေ့ နံနက် ၅ နာရီ ၄၀ နာရီခန့်၌ အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ရှိ ကော့ဖောင်းရွာကို အကြမ်းဖက် စစ်တပ်က မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာအတွင်း ဝင်ရောက် လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်၏ ခလရ−၂၃၁ ခြေလျင်တပ်ရင်းမှ မစ်ဇိုင်းဒုံးကြည်များဖြင့် ကော့ဖောင်း ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ရာ နေအိမ်တစ်ချို့နှင့် စိုက်ပျိုးခြံများ သီးနှံများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်တပ် ပစ်ခတ်သော ယ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကော့ဖောင်းကျေးရွာနေရှိ ဒေါ်တင်ကြည်၏ အိမ်နောက်ဖေး ခေါင်မိုး နှင့် ရေခဲပုံး ထိမှန်ပျက်စီး၊ နန်းအေးစန်းသိုက်၏ ဘုရားစင် ထိမှန် ပျက်စီး၊ မန်းငွေရင်သောင်း၏ ခြံတွင်း သီးနှံပင်များ ထိမှန်ပျက်စီး၊ မန်းချောင်ဖော့၏ လျှပ်စစ်မီး မီတာဘောက် ထိမှန် ပျက်စီး ခဲ့ကြောင်း၊ မစ်ဇိုင်းဒုံးကျည် ၅ လုံးတွင် ၂လုံး မှာ မပေါက်ကွဲဘဲ ၃ လုံးသာ ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။