ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များက တိုက်လေယာဉ်များ ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
နိုဝင်ဘာလ ၃ ရက်နေ့ နံနက်အစောပိုင်း စစ်ကောင်စီတပ်များ အထိုင်ချထားသော ရွှေလီကြိုးတံတားအနီးရှိ ခမရ ၄၂၃ ရှေ့တန်း စခန်းကို သိမ်းပိုက်ပြီးနောက် နမ့်ခမ်းမြို့တွင်းပါ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“နမ့်ခမ်းမြို့ထဲမှာ ဒီနေ့မနက် ရွှေလီ ကြိုးတံတားသိမ်းလိုက်ပြီဆိုကတည်းက ဗုံးတွေ လက်နက် ကြီးတွေပစ်တော့တာပဲ။ အခုလက်ရှိ ရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲမှုတွေရှိတယ်။ ဘယ်သူမှ အပြင်ကိုမထွက်ရဲဘူး။ မြို့ထဲမှာ တိုက်နေကြတာ။ နမ့်ခမ်း မြို့ အောင် မေတ္တာရပ်ကွက်နဲ့ပေါက်တိုက်ရပ်ကွက် မှာ တိုက်ပွဲဖြစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်များက နမ့်ခမ်းမြို့ မကျစေရေးအတွက် ခုခံနေရပြီး နမ့်ခမ်းမြို့ ပတ်ပတ်လည်တွင် တော်လှန်ရေးတပ်ဖွဲ့များ ရှိနေပြီး မြို့ထဲနေရာတချို့တွင် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ် ကြောင်း၊ လေယာဉ်များဖြင့် ဗုံးကျဲမှုများလည်းရှိနေဆဲဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ အထိနာနေကြောင်း သိရှိရသည်။