ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မဟာ (၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ လွယ်အွမ်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ဒီဇင်ဘာလ ၄ရက်နေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံးထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းတပ်မတော် TNLA ပြန်ကြားရေးက သတင်းထုတ်ပြန်လိုက်သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဉ်နှစ်စီးဖြင့် ဗုံးလေးလုံး ကြဲချခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျေးရွာရှိဒေသခံများ စစ်ဘေးတိမ်းရှောင် နေခြင်းကြောင့် ထိခိုက်မှုမရှိဘဲ နေအိမ်များသာ ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ထို့အပြင် ယနေ့ နေ့လည်မှ ယခု ညအထိ စစ်ကောင်စီတပ်၏ မိုင်းငေါ့တပ်စခန်းမှ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ၂ ရက်နေ့တွင်လည်း နမ့်ဖတ်ကာကျေးရွာ ရပ်ကွက်၂ ရှိ ဒေသခံ နေအိမ် ၂ လုံးနှင့် ရပ်ကွက် ၅ ရှိ နေအိမ် ၁ လုံးကို နမ့်ဖတ်ကာအခြေစိုက် ခ.လ.ရ ၁၂၃ တပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သည့်အပြင် ဖုန်းအားသွင်းကြိုးဝယ်ရန်လာသည့် ပန်ဂျရော့ကျေးရွာဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု TNLA ကပြောသည်။