ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့လယ် ဘုရားဝန်းမှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တအာင်း တပ်မတော်-TNLA က ဒီကနေ့ မနက်ပိုင်းမှာ ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
နမ့်ခမ်းမြို့လယ် ဘုရားဝန်း အတွင်းမှာ ဘာသာရေး အဆောက်အအုံတွေကို အကာအကွယ်ယူပြီး ပုန်းအောင်း နေတဲ့ စစ်သားနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ကို ဒီကနေ့ မနက် ၆ နာရီက ဝင်ရောက် ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ခမ်းမြို့ခံ တစ်ဦးက “ဟုတ်တယ်လေ။ မနက်က ဘုရားနားမှာ ပစ်နေတာ။ ရဲစခန်းကနေ ပြေးလာတဲ့ ကောင်တွေ ဘုရားထဲ ဝင်ပုန်းနေကြတာတဲ့” လို့ ရှင်းပြပါတယ်။
လက်ရှိ နမ့်ခမ်းမြို့ထဲမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး မြို့မ ရဲစခန်း အပါအဝင် မြို့နေရာ အများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ TNLA ကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်တာ ကာလအတွင်း ရှမ်းမြောက်ဒေသက မြို့ ၅ မြို့ အပါအဝင် စစ်ကောင်စီနဲ့ ပြည်သူ့စစ် စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင်မဟာမိတ်တပ်တွေက အသိပေးထားပါတယ်။