ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တာကွန့်တပ်စခန်းကို TNLA က ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် နမ့်ခမ်းမြို့နယ်၊ နောင်အင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ တာကွန့်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းတွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့လေယဥ်ဖြင့် ချပေးသော လက်နက် ခဲယမ်းများကိုလည်း တအာင်းတပ်မတော် PSLF/TNLA က ဒုတိယအကြိမ် ဆေးဝါးများနှင့် ခဲယမ်း သေတ္တာ ၁၃ လုံးကို ပစ်ခတ်ဖြတ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက် ၁၁ နာရီ ၄၃ မိနစ်တွင် မူဆယ်မြို့နယ်၊ ကျင်စန့်ကျော့လမ်းခွဲ၌ အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကင်းပတ်ရန် ထွက်လာသော စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း စိုင်နိုင်တိုက်နယ် ပကဖ အဖွဲ့မှ ဗိုလ်သိဒ္ဓိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်တွင် ရွှေဘိုမြို့တွင်းမှ ရွှေဘို-ကျောက်မြောင်း လမ်းအတိုင်း ကင်းပတ်ရန် ထွက်လာသော စစ်ကားကို ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၊ မြို့ရှောင်လမ်း လမ်းဆုံ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ပါဆယ်မိုင်း ၂ လုံးတွဲ ၃ ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား အောက်ပိုင်း ထိမှန်ပြီး ထိုးရပ်သွားကာ လမ်းဘေးဝဲယာကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦးသေဆုံးကာ ၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ညီနောင်မဟာမိတ်နှစ်ဖွဲ့တို့မှပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။