ရှမ်းတောင်နမ့်စန်မြို့နယ်က ကျေးရွာတွေမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ကျေးရွာဥက္ကဌတွေကို ခေါ်ပြီး စစ်မှုထမ်းဖို့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်မှုထမ်းဖို့ အစည်းအဝေးခေါ်ဆောင်တာကြောင့် ပြည်သူတွေ ထွက်ပြေးမှာ စိုးတဲ့အတွက် လိုင်းကားတွေပိတ်ဆို့ထားပြီး မြို့အဝင်အထွက်တွေလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ နမ့်စန်မြို့ခံတစ်ဦးက ပြောပါတယ်။
” ရှမ်းရှေ့ထွက်တဲ့ကားတွေဆို စစ်တပ်က လုံးဝမပေးထွက်ဘူး။ ထိုင်းနိုင်ငံကို ထွက်ပြေးမှာဆိုလို့တဲ့ တခြာလိုင်းကားတွေကျတော့ အရမ်းစစ်ဆေးတယ် နမ့်စန်ကနေ ခရီးသည်တွေကို တင်လို့လဲမရဘူး။ တချို့ရက်တွေဆို မြို့အဝင်အထွက်တွေကို ပိတ်ထားတယ် ဘာကြောင်လဲတော့ မသိဘူး ” လို့ပြောပါတယ်။
စစ်ကောင်စီ စစ်မှုထမ်းဖို့ ထုတ်ပြန်တဲ့အချိန်ကတည်းက ဒေသခံတွေဟာ ပြည်ပတွေကို ရွေ့ပြောင်းကြတာများတယ်လို့ ၎င်းကဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က စစ်မှူထမ်းဖို့အစည်းအဝေးလုပ်တာနဲ့ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက “အခုသူတို့က ကျေးရွာတွေရဲ့ အိမ်ထောင်စားရင်တွေသူတို့မှာရှိတယ်တဲ့ သူတို့သတ်မှတ်ထားတဲ့ ဥပဒေအရ တာဝန်ထမ်းဆောင်ဖို့ ရွာဥက္ကဌတွေရဲ့ တာဝန်ပေါ့။ အခု ရွာကလူငယ်တော်တော်များက မရှိတော့ဘူး” လို့ပြောပါတယ်။
နမ့်စန်မြို့နယ်က ကျေးရွာခံတော်တော်များဟာ ပြည်သူစစ်တပ်ဖွဲ့ထဲနဲ့ ရှမ်းတပ်ဖြစ်တဲ့ RCSS/ SSPP တပ်ဖွဲ့ထဲကို စစ်မှူထမ်းတဲ့သူတွေ များတာကြောင့် စစ်ကောင်စီတပ်ထဲကို တာဝန်ထမ်းဆောင်မယ်သူတွေအတွက် အခက်ခဲဖြစ်တယ်လို့ ဥက္ကဌတွေက အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
ပြည်ပထွက်ပြေးတဲ့သူတွေကို ကျန်ခဲ့တဲ့မိသားစုဝင်တစ်ဦး တာဝန်ထမ်းဆောင်ရပြီး လူကိုယ်စားမရှိပါက တခြားနည်းလမ်းနဲ့ ပြန်လည်လုပ်ဆောင်မယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ကပြောတယ်လို့ ၎င်းကဆိုပါတယ်။