စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေတဲ့ နမ့်ဆန်မြို့က စစ်ကောင်စီစခန်းအားလုံးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLA က ဒီနေ့ ဒီဇင်ဘာလ ၁၈ရက်မှာ ကြေညာပါတယ်။
နမ့်ဆန်မြို့က ခလရ-၂၅၈၊ ထောက်ပို့တပ်အမှတ် (၆၂၆/၉၂၉) အပါအဝင် စစ်ကောင်စီတပ်စခန်းတွေ၊ စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံနဲ့ ရဲစခန်း အပါအဝင် စကစ ဌာနဆိုင်ရာရုံးတွေကို ဒီဇင်ဘာလ ၁၅ရက် ညနေပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ TNLA ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ အမြောက် ၄ လက်၊လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနဲ့ စစ်သုံးဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်သား အလောင်း ၆၀ကျော်နဲ့ စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦး၊ မိသားစုဝင် ၃ ဦး၊ ရဲ ၆ဦး၊ ရဲမိသားစုဝင် ၂၅ ဦးတို့ကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ များပြားလွန်းတာကြောင့် ရေတွက်ဖို့အတွက် နေ့တပိုင်းအထိ အချိန်ယူခဲ့ရတယ်လို့ ရှေ့တန်းရောက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“လက်နက်တွေစီတာ၊ ရေတွက်တာကိုတင် တော်တော်အချိန်ယူရတယ်။ ထောက်ပို့တပ်လည်းရှိတော့ အများကြီးပဲ ရလိုက်တယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီ နမ့်ဆန်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့ မန်တုံ ခလရ-၁၃၀ တပ်ကနေ လက်နက်ကြီးနဲ့ အကြိမ်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေ Mi35 တစ်ကြိမ်၊ ART-42 ၅ကြိမ်၊ Jet Fighter ၁၉ကြိမ်၊ Y12 လေယာဥ် ၅ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီ နမ့်ဆန်တပ်စခန်းတွေကို TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည် တိုက်ခိုက်မှုကြောင့် နမ့်ဆန်ဒေသခံ ၃ဦး သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦးဖြစ်တဲ့ ပတ္တမြားစေတီက ဘုရားနဲ့ စေတီတွေ လေယာဥ်ဗုံးစ၊ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သလို နမ့်ဆန်မြို့မဂိုဏ်းချုပ်ကျောင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်းဆောင် အပါအဝင် လူနေအိမ် ၄၀ကျော် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးကာ လူနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။