တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ထား ရာက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံးကို ကလေးငယ် ၃ဦး ဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးငယ် ၃ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
နမ့်ဆန်မြို့တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး တစ်လုံးကို ဇယန်းကြီးရပ်ကွက်မှာ ဇန်နဝါရီလ (၂)ရက်နေ့ နေ့လည်မှာ ကလေးငယ် ၃ဦးတွေ့ရှိရာမှ ဆော့ကစားနေချိန် ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
နမ့်ဆန်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က တပ်ဝန်းကျင်အပြင် မြို့တွင်းတပ်စွဲထားတဲ့ နေရာတွေနဲ့ ပြည်သူတွေရဲ့ ခြံဝန်းအတွင်း ထောင်ထားတဲ့ မိုင်းများနဲ့ မပေါက်ကွဲသေးတဲ့ လက်နက် ကြီးတွေကို PSLF/TNLA မှ လိုက်လံရှင်းလင်းနေပြီး တွေ့ရှိပါက အကြောင်းကြားရန် ညွှန်ကြားထား ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။