ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာ၌ ယနေ့ကျရောက်သော ဈေးနေ့တွင် ဈေးအတွင်း အရပ်သားပြည်သူများရှိနေစဉ် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ လူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှ်ိသည်။
နမ့်ဖက်ကာရွာ၊ အမှတ်(၁)ရပ်ကွက်ရှိ ဈေးအတွင်းသို့ ယနေ့ နံနက် ၁၀ နာရီ ၅၀မိနစ်ခန့်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဟု ယင်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
” စစ်တပ်ကုန်းကနေ ပစ်တာ။ဆောက်လုပ်ရေးပစ္စည်းဆိုင်ပေါ် ကျတာ။နှစ်ယောက်ထိတယ်။ လူနာတင်ကားခေါ်နေတယ်။ ဈေးထဲလည်း လူတွေ ပြေးလွှားကုန်ကြပြီ”ဟု ၎င်းက ပြောသည်။
ယနေ့(ဩဂုတ် ၃၀ရက်)သည် နမ့်ဖက်ကာ၌ တစ်ပတ်တစ်ကြိမ်ဖွင့်သော ဈေးနေ့ဖြစ်သည်။ နမ့်ဖက်ကာအခြေစိုက် ခလရ(၁၂၃)စခန်းကုန်းမှနေ၍ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဟု ဒေသခံများက ပြောသည်။
ထို့အပြင် ခလရ(၁၂၃)စခန်းပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်နေပြီး ပစ်ခတ်သံများ ကြားနေရကြောင်း မြို့ခံများက ပြောသည်။
နမ့်ဖက်ကာသည် မူဆယ်နှင့်ကွတ်ခိုင်မြို့ကြားတွင် တည်ရှိပြီး ယင်းနှစ်မြို့ကြား ကျေးရွာများတွင် စစ်ကောင်စီနှင့် တအာင်းကာကွယ်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲများဖြစ်နေသည်။