ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အခြေစိုက် စစ်ကောင်စီ၏ ခလရ(၁၂၃)တပ်စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ (ဒီဇင်ဘာ ၂၉ရက်)က စတင်တိုက်ခိုက်လျက်ရှိရာ ယနေ့နံနက်တွင် တိုက်ပွဲပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“မနေ့ကနေ ဝင်တိုက်နေတာ။ ဒီမနက်အထိ တိုက်ပွဲပြင်းထန်နေဆဲ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
နမ့်ဖက်ကာမှ စစ်ရှောင်နေသည့် ဒေသခံတစ်ဦးကလည်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ပြောပြသည်။
“သူတို့ လေယာဉ်နဲ့ ပတ်ပစ်နေတယ်။ တိုက်တာက KIA အဖွဲ့။ တချို့ ကျန်ခဲ့တဲ့သူတွေရှိတယ်။ အိမ်တွေတော့ထိတယ်။ လူတွေတော့ ဘေးကင်းတယ်။ အဲဒီလိုတော့ ကြားရတယ်”ဟု ဒေသခံက ပြောသည်။
KIA အနေဖြင့် ဒီဇင်ဘာ ၂၀ရက်ကလည်း ကွတ်ခိုင်မြို့နှင့် နမ့်ဖက်ကာ ကြားရှိ နမ့်ခိုင်တံတား တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်များထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောပြသည်။ အဆိုပါနမ့်ခိုင်တံတား အပါအဝင် ယခုနှစ်အောက်တိုဘာ ၁၈ရက်နောက်ပိုင်း ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၈ခုကို KIAက သိမ်းပိုက်ထားသည်။