ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာ၊ မိုင်ဆောင်ဝ်ကုန်းမှာ ဇူလိုင်လ ၂၄ ရက်၊ ည ၁၁ နာရီ ခွဲခန့်က စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ လူနေအိမ် တစ်လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရစရာကို မရှိတော့ဘူး။ တစ်အိမ်လုံး ပေါက်ပြဲ ကုန်တယ်။ လူက ဘုရားကယ်လို့ မထိတာ” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
လက်နက်ကြီး ထိမှန်လို့ အိမ်နံရံ၊ ခေါင်မိုးတွေ ပေါက်ပြဲ ကုန်ပြီး ဧည့်ခန်းမှာ လှန်းထားတဲ့ စောင်တွေ ပြဲကုန်ကာ မီးဖိုချောင်ထဲက အိုးခွက်၊ ပန်းကန်တွေပါ ကြေမွ ကုန်ပြီး ဓာတ်ဗူးက အစ ပေါက်ကွဲကုန်ပေမယ့် နေအိမ်မှာ အိပ်ပျော်နေတဲ့ သားအမိ ၃ ဦး အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ သူက ပြောပါတယ်။
“ခေါင်းရင်းနား အပေါက်ကြီး ၂ ပေါက်တောင် ဖြစ်သွားတယ်။ လူသာ ထိုင်နေရင် ထိပြီ။ အိပ်နေလို့သာ” လို့ သူက ရှင်းပြပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန်ဟာ ညနက်ပိုင်းဖြစ်လို့ အိမ်ရှင် အမျိုးသမီးနဲ့ ကလေး ၂ ဦး အိမ်မောကျနေတယ်လို့ သူက ရှင်းပြပါတယ်။
“မကွဲသေးတာ တစ်လုံး ရှိသေးတယ်။ ဇီးဒဘန်ရွာ ကနေ နမ့်ဖတ်ကာဈေးဘက် ဝင်လာတဲ့ လမ်းမှာ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၁၈ ရက် ညနေပိုင်းကလည်း နမ့်ဖတ်ကာ အနီး ဇီးဒဘန်ရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်လို့ ပြည်သူ တစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲ မဖြစ်တဲ့ နေရာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့ စိုးရိမ် ကြောက်လန့်နေရတယ်လို့ ဒေသတွေက ဆိုပါတယ်။