ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာမြို့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပစ်ချလိုက်တဲ့ လေယာဥ်ကို အများပြည်သူကြည့်ရှုခွင့်ပေးထားပြီး လာရောက်ကြည့်သူများပြားတယ်လို့ သိရပါတယ်။
FTC-2000 G အမျိုးအစား စစ်ကောင်စီတိုက်လေယာဥ်ကို ဇန်နဝါရီ ၁၆ ရက်က နမ့်ဖတ်ကာအခြေစိုက် ခလရ-၁၂၃ အနီးမှာ KIA က ပစ်ချခဲ့တာပါ။
ခလရ-၁၂၃ ကို KIA က တိုက်ခိုက်သိမ်းပိုက်ချိန်မှာတော့ တပ်ရင်းအတွင်း စုပုံထားတဲ့ စစ်ကောင်စီတိုက်လေယာဥ်ကို တွေ့ရှိခဲ့ပြီး ပြည်သူများ ကြည့်ရှုနိုင်ရန်အတွက် ဖွင့်ပေးခဲ့တာလို့ သိရပါတယ်။
ပစ်ချခံရတဲ့ စစ်ကောင်စီတိုက်လေယာဥ် အပျက်အနီးမှာ အရိုးစုတစ်ခုတွေ့ရပေမယ့် မည်သူမည်ဝါဖြစ်သည်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။
၂၀၂၁ ခုနှစ်မှာ တိုက်ခိုက်ရေးရဟတ်ယာဥ်၊ ၂၀၂၄ ဇန်နဝါရီ ၃ ရက်မှာ ထောက်ပို့ရဟတ်ယာဥ်နဲ့ ဇန်နဝါရီ ၁၆ ရက်မှာ တိုက်လေယာဥ်တွေကို စစ်တပ်အာဏာသိမ်းပြီးမှ KIA က ပစ်ချခဲ့ပါတယ်။