ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအနီးရှိ ခလရ (၁၂၃) စစ်ကောင်စီဗျူဟာကုန်းကို ယမန်နေ့ညက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ဖတ်ကာကျေးရွာအခြေစိုက် ခလရ ၁၂၃ စခန်းကို ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ခု KIA စစ်သားတွေ (ခလရ ၁၂၃ မှာ) ထိုင်နေတယ်။ လေယာဉ်လာမှာစိုးလို့ သတိထားနေရတယ်။”ဟု နမ့်ဖတ်ကာကျေးရွာ ဒေသခံတစ်ဦးက ဆိုသည်။
စခန်းသိမ်းစစ်ဆင်ရေး ၁၈ ရက်တာ ကာလအတွင်း တိုက်ပွဲပေါင်း ၄ ကြိမ်ထက်မနည်းဖြစ်ပွါးခဲ့ပြီး ယမန်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွါသွားသဖြင့် စခန်းကိုသိမ်းပိုက်ရရှိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ခလရ (၁၂၃) တပ်သည် လက်နက်ကြီး အမာခံတပ်ရင်းဖြစ်ပြီး အရပ်သားများနေထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး မကြာခဏပစ်ခတ်လေ့ရှိသည့် တပ်ရင်းဖြစ်သည်။
၂၀၂၃ ခုနှစ်အတွင်း ယင်းတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာအပါအဝင် အနီးအနားရှိကျေးရွာမှ အရပ်သား ၁၆ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။