ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ၊ နမ့်ဖတ်ကာ အကြမ်းဖက် စစ်တပ်ရဲ့ ၁၂၃ စခန်းသိမ်းတိုက်ပွဲအတွင်း နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းဖြစ်တဲ့ TWO က မနေ့က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှစပြီး နမ့်ဖတ်ကာခြေစိုက် ခလရ ၁၂၃ က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် နမ့်ဖတ်ကာကျေးရွာအုပ်စု အတွင်း ဒေသခံ နေအိမ်များ၊ စာသင်ကျောင်းနှင့် သာသနာ့အဆောက်အဦး အပါအဝင် ၃၀၀ ကျော် မီး လောင် ထိခိုက်ပျက်စီးသွားခဲ့ရတာလို့ ဖော်ပြပါတယ်။
အဲဒီထဲက ရပ်ကွက် ၁၊ ၂၊ ၃၊ ၄၊ ၅ အပြင် အေဲမ်းခုမ်ရွာ၊ မန်မောဝ်ရွာနဲ့ စိတဘန်ရွာတွေက နေအိမ်တွေ အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“ရွာထဲမှာ နေအိမ် ၁၀၀ နီးပါးပျက်သွားတယ်၊ ၇ အိမ်လောက်က မီးလောင်ပြာကျသွားတယ်။ ၁၀ အိမ် လောက်ကတော့ နေလို့မရအောင်ပျက်စီးသွားတယ်ပေါ့၊ ထိတာတော့ တစ်ရွာလုံးထိတယ်။ တချို့သူတွေဆို နေစရာမရှိလို့ တဲထိုးပြီး နေကြတယ်၊ အရင်လို ပြန်ဖြစ်အောင် ပြန်ဆောက်လုပ်ဖို့ဆို မလွယ်ကူတော့ဘူး။ ဘုန်းကြီးကျောင်းလည်း မီးလောင်ပျက်စီးသွားတယ်၊ ဘာမှရစရာမရှိတော့ဘူး“လို့ နမ့်ဖတ်ကာ ရပ်ကွက် ၅ ဒေသခံ တစ်ဦးကရဲ့ ပြောစကားကို TWOက ဖော်ပြပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်တက်ကြီးတွေကြောင့် နမ့်ဖတ်ကာကျေးရွာ အတွင်းရှိ သာသနာ့အဆောက်အဦးများဖြစ်တဲ့ သန္ဒိသုခဘုန်းကြီးကျောင်း၊ ရန်အောင်မြင်ဘုန်းကြီးကျောင်း၊ ပန်တရော(ပ့်)ဘုန်းကြီးကျောင်းနဲ့ အေဲမ်းခုမ်းဘုန်းကြီး ကျောင်းတို့လည်း လေယာဥ်ဗုံးနှင့် လက်နက်ကြီးတွေ ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ရပါတယ်။
TWO ကောက်ယူရရှိသည့် စာရင်းအရ အဆိုပါ ထိခိုက်ပျက်စီးမှုစာရင်းများမှာ ရပ်ကွက် (၅)မှာ နေအိမ် ၁၂၈အိမ်၊ ရပ်ကွက် (၁)ရှိ နေအိမ် ၅၀အိမ်၊ ရပ်ကွက်(၂ ) ၄၀အိမ်၊ ရပ်ကွက် (၃)နှင့်(၄) မှာ ၃၀အိမ်၊ လောကုန်းရွာ ၃၀အိမ်၊ လွယ်ကန်ရွာ ၅အိမ်၊ အေဲမ်းခုမ်ရွာ ၁၂ အိမ်၊ မန်မောဝ်ရွာ ၃၅ အိမ်နဲ့ စိတဘန်ရွာ ၃၆အိမ် တို့ဖြစ်ပြီး စုစုပေါင်းနေအိမ်ပျက်စီးမှု ၃၆၆ အိမ် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။