ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် Non CDM ဝန်ထမ်း ၁ ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် Non CDM စည်ပင် ဝန်ထမ်း ဒေါ်နန်းနန်းခိုင်ကို နမ္မတီးမြို့၊ မြို့သာယာရပ်ကွက်ရှိ ၎င်းနေအိမ်၌ပင် အမည်မသိ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။
” ဒီနေ့ နမ္မတီးမြို့က အခွန် အဆမတန် ကောက်နေတဲ့ အစိုးရ စည်ပင် ၀န်ထမ်း ဒေါ်နန်းနန်းခိုင်ကို နံနက် ၁၀ နာရီလောက်က သူ့ရဲ့ နေအိမ်အတွင်း အမည်မသိလက်နက်ကိုင် တစ်စုက ၀င်ရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကျောက်ကညှာရွာမှ ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ ကျောက်ကညှာရွာမှ ပျူစောထီး ကိုအောင်ထိုက် (ခ) ဝတုတ် ဆိုသူသည် နေအိမ်မှ ဥယျာဥ်ခြံထဲသို့သွားနေစဥ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အောင်ထိုက်သည် မကွေးတိုင်း ဇာတိဖြစ်ပြီး ကျောက်ဘညှာရွာမှ ရွာသူ နှင့် အိမ်ထောင်ကျပြီးနောက်မှာ ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ကာ အကြမ်းဖက် စစ်တပ် အာဏာသိမ်းချိန်ပြီး ပျူစောထီး အဖွဲ့ဝင် ၁ ဦးဖြစ်လာသူ ဖြစ်ကြောင်း သိရှိရသည်။