ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ဟိုက် ရပ်ကွက် ၆ နှင့် အီဟန်းရပ်ကွက် ၉ တို့တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၃ ဦးနှင့် လူကြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့် ပစ်ခတ်တိုက်ခိုက်သံများ ဆက်တိုက်ကြားနေရပြီး နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန် ခမရ ၃၂၄ တပ်က မြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ပန်ဟိုက် ၆ ရပ်ကွက်မှ ကလေး ၃ ဦးနှင့် လူကြီး ၂ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“မြို့စောင့်တပ်က ပြည်သူတွေ နေတဲ့ မြို့ဘက်ကို ပြောင်းလှည့်ပြီး ထုတာ အသံအရမ်းကျယ်တယ်”ဟု ဒေသပြည်သူတစ်ဦးကပြောသည်။
လွန်ခဲ့သည့် ရက်ပိုင်း နမ္မတူမြို့နှင့်ကပ်လျက် မုံတုံမြို့၊ နမ့်ဆန်မြို့တို့ကို TNLA ကသိမ်းပိုက်ပြီးနောက် နမ္မတူမြို့နား တစ်ဝိုက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာကြောင်း၊ယမန်နေ့ညပိုင်းကလည်း လားရှိုးမြို့ ဘက်မှ နမ္မတူမြို့ ဘက်သို့ လက်နက်ကြီးများဖြင့် စစ်တပ်က ဆက်တိုက်ဆိုသလို ပစ်ခတ်ခဲ့ကြောင်း နမ္မတူဒေသပြည်သူများက ပြောသည်။
လက်ရှိနမ္မတူမြို့နေ ပြည်သူအများစုသည် စစ်ဘေးတိမ်းရှောင်နေကြပြီး မြို့ထဲတွင် ကျန်ရှိနေသော ပြည်သူများမှာလည်း စစ်ဘေးရှောင်နိုင်ရေး လူမူအဖွဲ့အစည်းများက ကူညီပေးနေရကြောင်း၊ စစ်ဘေးရှောင်ရန် အကူအညီ လိုအပ်သူများအနေဖြင့်လည်း လူမှုအဖွဲ့အစည်းများထံ အကူအညီတောင်းနိုင်ကြောင်း သိရသည်။
နမ္မတူမြို့နယ်နှင့်နီးစပ်ရာ ကျေးရွာများမှ စစ်ဘေးရှောင်သူအများစုသည် လားရှိုးမြို့ကို သွားရောက် စစ်ဘေးရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။