အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့မှာ နယူးယောက်မြို့ မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်း (Myanmar American Humanitarian Aid Association – MAHAA)က ဦးစီးပြီး မြန်မာပြည်ဖွားတိုင်းရင်းသားမိတ်ဆွေများ တွေ့ဆုံဆွေးနွေးကို စက်တင်ဘာ ၉ ရက်မှာ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တက်ရောက်ခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ CRPH ဥက္ကဋ္ဌက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများ၊ စစ်အာဏာရှင်စနစ် အမြန်ဆုံး အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်များ၊ နိုင်ငံတကာအသိုက်အဝန်းရဲ့ ထိရောက်သော အကူအညီများ ရရှိနိုင်ရေး ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ဆက်လက်ပြီး မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်းရဲ့ ဦးကျော်ဝင်း (ရွှေပြည်စိုး)၊ ဦးခင်မောင်ကြီး (စိုင်းသီဟ)၊ (Air India) ဦးတင့်ကြူ (UN Retiree)၊ ဦးမောင်စိုး (UN Retiree)နဲ့ ဒေါက်တာ ခင်ကျော်တို့ရဲ့ မေးခွန်းများ၊ အကြံပြုချက်များကိုလည်း ဖြေကြားခဲ့ပါတယ်။
တွေ့ဆုံပွဲကို မြန်မာ အမေရိကန် လူသားချင်းစာနာမှု ကူညီရေးအသင်းရဲ့ နာယကကြီးများဖြစ်တဲ့ မြေဇင်းဆရာတော် ဦးပရမ၊ စာရေးဆရာ ကဗျာဆရာကြီး ဦးဝင်းဖေ(မောင်စွမ်းရည်)၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဝါးခယ်မမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြမျိုးအေး၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးနဲ့ နယူးယောက်မြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားမိတ်ဆွေများ အများအပြား တက်ရောက်ခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။