အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့လယ်ခေါင်တွင် မြန်မာ အကြမ်း ဖက် စစ်ကောင်စီ၏ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင် ရှုတ်ချပွဲကို ယနေ့ ကျင်းပ ပြုလုပ်သည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Time Square ရင်ပြင်တွင် စစ်ကောင်စီ၏ တရားမဝင် စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရှုတ်ချပွဲကို အမေရိကန်စံတော်ချိန် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၅ နာရီအထိ( မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက်နေ့ နံနက်အစောပိုင်း) ကျင်းပခဲ့ခြင်းဖြစ်သည်။
မြန်မာအကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် စစ်မှုထမ်းဥပဒေ၏ ယုတ်မာကောက်ကျစ်မှုများကို NYCBC အဖွဲ့မှ တာဝန်ရှိသူများက ရှင်လင်းတင်ပြပြီး တက်ရောက်လာသော ပြည်သူလူထုနဲ့အတူ ကန့်ကွက် ရှုတ်ချခဲ့ကြကြောင်း၊ အဆိုတော် ကိုကျော်သီဟနှင့် ကိုဝင်းနိုင်စိုးတို့မှလည်း တော်လှန်ရေး သီချင်းများဖြင့်ဖြေဖျော်တင်ဆက်ခဲ့ကြကြောင်း၊ ထို့နောက် စစ်မှုထမ်းဥပဒေ၏ ယုတ်မာမှုများကို Performance ဖြင့်တင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
အမေရိကန်ရောက် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုအောင်ကျော်မြင့်က မတရားသော တရားမဝင်စစ်မှုထမ်းဥပဒေ အကြောင်းကိုကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြခဲ့ပြီး ယင်းဆန္ဒပြပွဲသို့ အမေရိကန်ရောက် မြန်မာပြည်ဖွားတိုင်ရင်းသား ၃၀၀ နီးပါးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။