ချင်းပြည်နယ် ဒိုင်ရ်ဒေသမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ်အတွင်း အကြမ်းဖက် စစ်တပ်က အရာရှိ ၃ဦး အပါအဝင် အကြမ်းဖက်စစ်တပ်က ၁၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေး တပ်ဦး ဒိုင်ရ် ( CDF-Daai ) က ဒီနေ့မှာ အသိပေး သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖမ်းဆီးရမိသူတွေက အကြမ်းဖက်စစ်တပ်က ၃ ပွင့် နဲ့ ဗိုလ်ကြီး ၊ ၁ ပွင့်နဲ့ ဗိုလ် ၊ ထောက်လှမ်းရေး အရာရှိတစ်ဦး အပါအဝင် စုစုပေါင်း ၁၅ ဦးဖြစ်တယ်ဆိုတာနဲ့ ဇန်နဝါရီ ၃၀ရက်မှာ ဖမ်းဆီးရမိခဲ့ တာလို့ CDF-Daai က အသိပေးထားပါတယ်။
ဒါအပြင် ဖမ်းဆီးရမိခဲ့သူတွေက ချင်းပြည်နယ်နဲ့ ပလက်ဝ ဒေသတိုက်ပွဲတွေအတွင်းက ထွက်ပြေး လာတဲ့သူတွေဖြစ်ပြီးတော့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၁၁ ၊ ခမရ-၂၁၇ ၊ ခမရ-၃၇၆၊ ခမရ- ၅၃၈၊ ခမရ -၂၂၀၊ ခမရ-၂၁၉ ၊ ခမရ-၅၈၇ ၊ ခမရ-၉၀၈တို့မှ ထွက်ပြေးလာတဲ့သူတွေဖြစ်တယ်လို့ CDF-Daai က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများထဲက ပြင်းထန် ဒဏ်ရာ ရရှိထားသူ ၃ ဦး၊ သာမန် ဒဏ်ရာရ ၂ ဦးတို့ကို CDF-Daai မှ ဆေးကုသပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး၊ နိုင်ငံတကာစစ်ဖက်ဆိုင်ရာ ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ ဆက်လက်ဆောင် ရွက်နေတယ်လို့ ပြောပါတယ်။
CDF-Daai တပ်ဖွဲ့အနေဖြင့် ဒိုင်ရ် ဒေသအတွင်းနယ်မြေရှင်းလင်းရေး လုပ်ငန်းများဆက်လက် ဆောင်ရွက်သွားမှာဖြစ်သဖြင့် ရေကြောင်း ခရီးဖြင့်သွာလာခြင်းများနဲ့ကုန်စည်ရောင်းဝယ်မှုများကို ဒီနေ့ သတင်းထုတ်ပြန်တဲ့ရက်မှ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာ ၄ ရက်နေ့အထိ မပြုလုပ်ကြရန်လည်း အသိပေးထုတ်ပြန်ထားပါတယ်။