အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးစွပ်စွဲ တရားစွဲဆိုကာ ထောင်ဒဏ်တွေ ကျခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမိန့်ချပြီး အယူခံတင်ထားတဲ့အမှုတွေကို လာမယ့် ဇူလိုင်လထဲ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှာ နှစ်ဖက်ကြားနာမယ်လို့ တရားရေးနဲ့နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။
တရားရေးနဲ့ နီးစပ်သူတဦးက “အခုအမှုတွေက လာမယ့် ရှေ့လထဲမှာ ၅ ရက်နေ့ရယ်၊ ၁၂ ရက်နေ့ရယ်၊ ၁၈ ရက်နေ့တွေမှာ ကြားနာဖို့ရှိတယ်။ ၅ ရက်နေ့က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အမှုတွေနဲ့ လျှို့ဝှက်အက်အမှု၊ ၁၂ ရက်နေ့က ရဟတ်ယာဉ်အမှုတွေနဲ့ ၁၈ ရက်နေ့မှာ တခြား ကျန်တဲ့အမှုတွေ ကြားနာမယ်။ ဒီအမှုတွေအားလုံးက သူတို့ဘက်က တရားရေးရာဝန်ကြီးဌာနနဲ့ ကြားနာရမှာ” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း အမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။
“အန်တီကတော့ ကျန်းမာရေးကောင်းတယ်လို့ပဲ ထောင်ဘက်ကနေ သိရတယ်။ သမ္မတကြီးကျလည်း သူ့မိသားစုကပဲ ပစ္စည်းပို့နေတာဆိုတော့ အခြေအနေမသိရဘူး” လို့ တရားရေးနဲ့ နီးစပ်သူက ပြောပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမှုတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ အထူးအယူခံ တင်ထားတဲ့အတွက် အမှုသည်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ ရှေ့နေတွေဘက်က တွေ့ခွင့်တောင်းထားတာကိုလည်း စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။