အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဂျပန်နိုင်ငံ အထက်လွှတ်တော် ဒုဥက္ကဌ Mr.Kaieda Banri နဲ့ အောက်လွှတ်တော် ဒုဥက္ကဌ Mr.Nakahama Hiroyuki တွေကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်း မှာ ဂျပန်နိုင်ငံ အထက်လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က “မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်က မတရားသဖြင့် တိုင်းပြည်အာဏာလုယူထားမှုအပေါ် ကန့်ကွက်ကြောင်း ၊ စစ်အာဏာသိမ်းမှုအား လက်မခံကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့ လွှတ်တော်နှစ်ရပ်လုံးက တာဝန်ရှိသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေမှာ အမျိုသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲကာ မြန်မာပြည်သူလူထုအား လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးစေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းခဲ့မှုကို ဂျပန်နိုင်ငံက အထက်လွှတ်တော်ရော အောက်လွှတ်တော်ကပါ ကန့်ကွက်ကြောင်း တရားဝင်ထုတ်ပြန်ထားတာပါ။