နိုင်ငံတကာရောက် ကရင်အမျိုးသား ခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ ကရင်ပြည်သူများကို ကရင်အမျိုးသားအစည်းအရုံး(KNU)က တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို အသိပေးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
နိုင်ငံတကာရောက် ကရင်လူမျိုးများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို KNU ဗဟို ဌာနချုပ်၌ ဒီဇင်ဘာ ၂၁ရက်မှ ၂၂ရက်အထိ ကျင်းပခဲ့သည်ဟု ဆိုသည်။
ယခု တွေ့ဆုံမှုသည် ကရင်အမျိုးသားအစည်း အရုံး၏ လုပ်ဆောင်မှုသတင်းအခြေအနေ နိုင်ငံရေး၊စစ်ရေး ၊တိုက်ပွဲများ လက်ရှိမြေပြင်မှာဖြစ်နေသည့် အခြေအနေများကို သိစေလို၍ ဖြစ်ကြောင်း KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်ဟု ဖော်ပြသည်။
“ဒီမှာရှိတဲ့ ကရင်လူမျိုးတွေအနေနဲ့ကော နိုင်ငံရပ်ခြားမှာရှိနေတဲ့ကရင်လူမျိုးအနေနဲ့ကော ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံးကချမှတ်ထားတဲ့ မူဝါဒအတိုင်း ကရင်လူမျိုးများအားလုံး မျှော်မှန်းထားတဲ့ ပန်းတိုင်ရောက်ရှိအောင် အတူတကွလက်တွဲပြီး လျှောက်လှမ်း ကြဖို့အရမ်းအရေးကြီးတယ်”ဟုလည်း ပဒိုစောလှထွန်းက ပြောကြားသည်။
အခမ်းအနားတွင် ကရင်အမျိုးသားအလံတော် အားအလေးပြုခြင်းနှင့် ကရင့်တော်လှန်ရေးအတွင်း မြင့်မြတ်စွာ အသက်ပေးခဲ့ကြသည့် ရဲဘော်များ၊ ပြည်သူများနှင့် အာဇာနည်ခေါင်းဆောင် များတို့အား ဂါရဝပြု ငြိမ်သက်ခြင်း ဖြင့်စတင်ပြီး KNU ဗဟိုမှ အုပ်ချုပ်ရေး ဘက်ဆိုင်ရာခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တပ်ပိုင်း ဆိုင်ရာ ခေါင်းဆောင်များ၊နိုင်ငံတကာရောက် ကရင်အမျိုးသားခေါင်းဆောင်များ၊ ကရင်လူမှုအဖွဲ့ စည်း ခေါင်းဆောင်များနှင့် ကရင်ပြည်သူများ တက်ရောက်ခဲ့ကြသည်ဟု ထုတ်ပြန်သည်။
အခမ်းအနားတွင် KNU ဗဟို အလုပ်မှုဆောင် ကော်မတီဝင်တစ်ဦး ဖြစ်သည့် ပဒို-နော်ဒါးဒါး၊ KNU တရားသူကြီးချုပ် ပဒို-နော်မြိုင်ဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)မှ စစ်ဦးစီး(ပထမတန်း) ဗိုလ်မှူးချုပ်-စောတာမလာသော၊ KNLA တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းဖန်းလုံ့ဟိန်းတို့သည် တတ်ရောက်လာသော နိုင်ငံတကာရောက် ကရင်လူမျိုးများအား နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။