နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်တွေချမှတ်ဖို့ ပျက်ကွက်နေတဲ့ ကာလပတ်လုံးပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေလည်း ပိုမိုဆိုးရွားလာနေမှဖြစ်ပြီး ပြည်သူအများအပြား ပိုမိုသတ်ဖြတ်ခံ နေရမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။
(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ပေါင်းစပ်အစည်းအဝေး မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကခုလိုပြောကြားရင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ချက်ပြုလုပ်ဖို့လို တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
မြန်မာပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှဟာ ဆိုးရွားစွာ ပြိုပျက်နေပြီဖြစ် ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ဖမ်းဆီးခွင့်၊ တရားရုံး၊ ဘဏ်စနစ်နှင့် သတင်းအချက် အလက်၊ ဆက်သွယ်ရေးနဲ့ နည်းပညာတွေဟာလည်း စစ်တပ်ရဲ့ ဖိနှိပ်မှုအတွက် အသုံးချခံ ယန္တရားများ ဖြစ်လာခဲ့ကြောင်း၊ အထူးသဖြင့် အရင်က ခက်ခက်ခဲခဲ ရရှိခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြောင်းပြန် အခြေအနေဖြစ်သွားပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပျက်စီး ယို့ယွင်းလာခြင်းနဲ့ ဆိုးရွားတဲ့အကျင့်ပျက်ချစားမှုတွေကြောင့် အလုပ်အကိုင်မဲ့မှုနဲ့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်လာပြီး လူဦးရေ ထက်ဝက်ခန့်က ဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နေတယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တရားမဝင် စစ်တပ်ရဲ့ ခေါင်းဆောင်ဟာ အာဆီယံ နိုင်ငံတွေခေါင်းဆောင်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံစဉ်က သူကိုယ်တိုင် သဘောတူညီခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်
(၅) ရပ်ကို ချက်ချင်း ပစ်ပယ်ခဲ့သလို လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၂၆၆၉ အရ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှု အပါအဝင် အခြားသော တောင်းဆိုချက်များကိုလည်း လျစ်လျူရှုခဲ့တာကို သံအမတ်ကြီးက ထောက်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ လူသားချင်း စာနာ ထောက်ထားမှု နယ်ပယ်နဲ့ ရရှိခွင့်တို့ကို လက်နက်သဖွယ် အသုံးချနေပြီး စစ်တပ်အနေနဲ့ ဒေသခံထောက်ပံ့ရေး အဖွဲ့အစည်းတွေအပေါ် လွန်ကဲတဲ့ တားမြစ် ကန့်သတ်ချက်တွေချမှတ်တာ၊ လူသားချင်းစာနာထောက်ထားမှုကိုကြိုးကိုင် ခြယ်လှယ်မှု တွေက ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေ ပဋိပက္ခဒေသအတွင်း ရှိနေသူတွေဆီကို ထောက်ပံ့ကူညီမှုတွေ ပို့ဆောင်ဖို့ အတွက် အဓိက စိန်ခေါ်မှုဖြစ်နေတာကို သံအမတ်ကြီးက ပြောပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ကနေ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ် နေခွင့်မပေးတော့ဘဲ လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက်အဆို ၂၆၆၉ အပေါ် အခြေခံပြီး ထိရောက်သော ဆုံးဖြတ်ချက်တစ်ခုကို ထပ်မံချမှတ်သင့်ပြီလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြထားပါတယ်။