နိုင်ငံတစ်ဝန်း သံဃာတော်များအနေဖြင့် စစ်ကောင်စီ လှူဒါန်းသော ပစ္စည်လေးပါးကို အလှူမခံရန် ၊ ပင့်ဖိတ်သော ပွဲများ မကြွဘဲ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ခြင်းဖြင့် ပြည်သူများဘက်မှ ရပ်တည်ကြရန် တိုက်တွန်း ချောင်းဦးမြို့နယ်မှ သပိတ်ဦးဆောင်ဆရာတော် အရှင်သီလာ၀ုဒက တိုက်တွန်းမိန့်ကြားလိုက်သည်။
ဗုဒ္ဓသာသနာတော်အတွက် ကျမ်းပြု ဆရာတော်ဘုရားကြီး ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက သတ်ဖြတ်ခြင်းသည် မည်သို့မျှ ခွင့်လွှတ်စရာမရှိဘဲ တစ်နိုင်ငံလုံးသံဃာတော်များအနေဖြင့် တရားမျှတမှု ရရှိရေးနှင့် စစ်အာဏာရှင် ချုပ်ငြိမ်းရေး ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ကြရန် သပိတ်ဦးဆောင်ဆရာတော် အရှင်သီလာ၀ုဒ က မိန့်ဆိုသည်။
“တော်လှန်ရေး မပြီးမချင်း ကံဆောင်သပိတ်လုပ်ဆောင်ကြမယ်။ သံဃာ ညီညွတ်ခြင်းကို ပြရမယ့် အချိန်ရောက်လာပြီ။ တစ်နိုင်ငံလုံးမှ သံဃာတော်အရှင်မြတ်တွေအနေနဲ့ ဒီနေ့ ဒီအချိန်အခါမှာ ပြည်သူ့ဘက်က ရပ်တည်ဖို့ အချိန်တန်ပါပြီ။ ဒီပွဲကို နိုင်အောင် တိုက်သွားကြမယ်။ ဆရာတော်ဘုရားကြီးကို သတ်ဖြတ်ပြီးမှ ခွင့်လွှတ်ပါ။ ခွင့်ပြုပါဆိုတာ ခွင့်လွှတ်စရာအကြောင်းမရှိဘူး” ဟု သပိတ်ဦးဆောင်ဆရာတော် အရှင်သီလာ၀ုဒက မိန့်ကြားသည်။
ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များကလည်းကောင်၊ ဇွန်လ ၂၄ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှ သံဃာတော်များကလည်းကောင်း၊ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ် ကြောင်း သိရှိရသည်။