ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး စစ်ကောင်စီလက်အောက်ခံ ဘဏ်များမှတစ်ဆင့် တစ်လ လစာ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသို့ ပြန်မပို့လျှင် ပြည်ပထွက် အလုပ်လုပ်ခွင့် ၃ နှစ်ပိတ်ပင် မည်ဖြစ်ပြီး ပြည်ပတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခွင့်မပေးတော့သည့် အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် ပြည်ပသို့ မြန်မာလူငယ်များ သန်းချီ၍ အလုပ်လုပ် ရန် ထွက်ခွာနေကြပြီး အလုပ်သမားများ၏ လစာကို ပြည်တွင်းသို့ မဖြစ်မနေ ပြန်လည် ပို့ဆောင်စီးဝင်စေရေး လုပ်ဆောင်ရန် ခိုင်းစေခဲ့ရာမှ ယခုနောက်ဆုံးတွင်း ယင်းကဲ့သို့ တစ်လလျှင် လစာ၏ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသို့ ပြန်ပို့ရန် ကန့်သတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ ညွှန်ကြားစာသည် စက်တင်ဘာလ ၁ ရက်နေ့မှ စတင် အသက်ဝင်မည်ဖြစ်ပြီး စစ်ကောင်စီ၏ စည်းကမ်းချက်ကို မလိုက်နာပါက အလုပ်သမားများကို ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားဆီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေမှာ ပြည်ပ ရောက် အလုပ်သမားမိသားစုတွေက ငွေစာရင်း ဖွင့်ရမယ်။ ပြီးရင် အဲဒီငွေစာရင်းထဲကို ပြည်ပရောက် အလုပ်သမားကနေ မိသားစုဆီ တစ်လကို လစာရဲ့ ၂၅ ရာခိုင်နှုန်း၊ သို့မဟုတ် ၃ လလစာ စုစုပေါင်း ၂၅ ရာခိုင်နှုန်းကို လွှဲရမယ်။ အဲဒီလို မလွှဲဘူးဆိုရင် ပြည်ပမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေ လုပ်မပေးမယ့်အပြင် အဲဒီအလုပ်သမား ပြည်တွင်းကို ပြန်ရောက်ရင် နောက်တစ်ကြိမ် ပြည်ပ ထွက် အလုပ်လုပ်ခွင့် ၃ နှစ်ပိတ်ပင်မယ်လို့ အလုပ်သမားဝန်ကြီးဌာနဘက်က အကြောင်းကြားစာပို့လာတယ်” ဟု ရန်ကုန်မြို့မှ ဂျပန်ပြည်ပအလုပ်အကိုင်ပို့ဆောင် အေဂျင်စီတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနကမူ အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားချက်ကို ပြည်ပရောက် မြန်မာအလုပ်သမား လိုက်နာခြင်းမပြုကြရန် ကြေညာချက်ထုတ်ပြန်သည်။
“ဒါတမင်သက်သက်ကြီး နိုင်ငံခြားငွေရှာတာပဲ၊ ဘယ်သူ့မှ ပြန်မပို့ဘူး စိတ်ချ၊ တစ်အိမ်လုံးပြောင်းပြေးမှာ မပူနဲ့ ၊ ဘယ့်နဲ့ ၂၅ ရာခိုင်နှုန်းတဲ့ မယားငယ်တောင်းတဲ့ နည်းနဲ့ လာတောင်းနေတယ်”ဟု လူငယ်တစ်ဦးမှ ပြောကြားခဲ့သည်။
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာမှ ဖြတ်တောက်၍သော် လည်း ကောင်း၊ အခြားတနည်းနည်းဖြင့်သော်လည်း ကောင်း ဖိအားပေးလွှဲပို့ရန် လုပ်ဆောင်သည့် မည်သည့် အေဂျင်စီ သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၈ ရက်နေ့တွင် သတိပေးကြေညာထားသည်။