မြန်မာနိုင်ငံအနှံ့က နိုင်ငံရေးအကျဥ်းသားတွေအပေါ် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိစေဖို့အတွက် “အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး”ဆိုတဲ့ ကမ်ပိန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်ရဲ့ အဖွဲ့ဝင်တွေက ဧပြီလ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကမ်ပိန်းပြုလုပ်ဖြစ်တာကတော့ အကျဥ်းထောင်တွေထဲမှာ အချိန်မှီဆေးဝါးကုသခွင့်မရလို့ သေဆုံးခဲ့ရတဲ့ နိုင်ကျဥ်းတွေ ထပ်မရှိစေရေး၊ အရေးပေါ်လူနာတွေကို ပြင်ပဆေးရုံတွေမှာ ကုသခွင့်ပြုရေးနဲ့ ထောင်အတွင်း ဆေးဝါးလုံလောက်စွာထားရှိစေရေးတွေကို ရည်ရွယ်တယ်လို့ ဆိုပါတယ်။
“ထောင်တွေက နိုင်ငံခြားဆေးတွေ သွင်းခွင့်ကို ပိတ်ပင်ထားတယ်။ တခါတလေ သွင်းခွင့်ရရင်တောင် ကန့်သတ်တာတွေများတယ်။ ဆေးကို ကြာရှည်မှီဝဲနေရတဲ့သူတွေအတွက်ဆို အရမ်းကို ဒုက္ခရောက်စေတယ်ပေါ့နော်”လို့ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသူ အကျဥ်းသား ၇ ဦးက ၂၀၂၄ ခုနှစ်အတွင်း အကျဥ်းထောင်မှာ ဆေးဝါးလုံလောက်မှုမရှိတာ၊ ပြင်ပဆေးရုံကို ဆေးကုသခွင့်နောက်ကျတာတွေကြောင့် အချိန်မတန်ဘဲ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အကျဥ်းထောင်အတွင်းရှိ အကျဥ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိစေဖို့အတွက် ပြင်ပက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူအခွင့်အရေးအဖွဲ့အစည်းတွေက စစ်ကောင်စီတပ်နဲ့ အကျဥ်းဦးစီးဌာနတွေကို ဖိအားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။