အိမ်ခြံမြေဈေးကွက်တွင် ရောင်းချလိုသူများနေပြီး ဝယ်ယူလိုသူနည်းနေကြောင်း အိမ်ခြံမြေအကျိုးဆောင်သမားများကပြောသည်။
ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် ဈေးအမြင့်ပိုင်းရှိ မြေကွက်နှင့် အိမ်ခြံမြေအချို့ သာအရောင်းအဝယ်ဖြစ်ပြီး ဈေးကွက်တစ်ခုလုံးအနေဖြင့် အရောင်းအဝယ်အေးနေ သည်ဟု အကျိုးဆောင်များထံမှသိရသည်။
“အိမ်ခြံမြေအရောင်းအဝယ်မှာ အခုတလော ရောင်းတဲ့သူပဲများတယ်။ ဝယ်မယ့်သူ မရှိဘူး”ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောသည်။
လက်ရှိအိမ်ခြံမြေများဝယ်ယူရာတွင် လက်ထဲငွေမကိုင်ထားလိုသူအချို့ကသာ ရင်းနှီးမြှပ်နှံသည့် သဘောဖြင့်ဝယ်ယူမှုရှိပြီး ၊ အမြတ်ရရန် ရင်းနှီးမြှပ်နှံသည့်သဘောဝယ်ယူသူမရှိကြောင်း အခြား အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကလည်းပြောသည်။
မန္တလေးမြို့တွင်လည်း မြေကွက်အချို့ သာအရောင်းအဝယ်ဖြစ်ပြီး ရောင်းဈေးနှုန်းမြင့်မားခြင်းကြောင့်အရောင်းအဝယ်မဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြော
သည်။
“ဈေးနှုန်းမြင့်တာကြောင့် ဝယ်မယ့်သူတွေက မြို့ပြင်က မြေကွက်တွေပဲ ဝယ်ကြတယ်။ မြို့ထဲက မြေကွက်တွေက အဝယ်မရှိသလောက်ကို နည်းတယ်”ဟု ၎င်းကဆက်ပြောသည်။
ရန်ကုန်မြို့ပြင်ရှိ စက်မှုဇုန်မြေကွက်များသည် တစ်ဧကကို ကျပ်သိန်း ၇၀၀၀ မှ ကျပ်သိန်း ၃၅,၀၀၀ အတွင်းဈေးရှိသောကြောင့် ဝယ်ယူသူမရှိကြောင်းလည်း စက်မှုဇုန်မြေကွက်ရောင်းဝယ်ရေးအကျိုးဆောင်တစ်ဦးကပြောသည်။
လက်ရှိနိုင်ငံရေးအခြေအနေနှင့် ကျပ်ငွေတန်ဖိုးဖောင်းပွမှုများကြောင့် အိမ်ခြံမြေကို ရင်းနှီးမြှပ်နှံကြမည်ဟု အကျိုးဆောင်များကမျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင် အိမ်ခြံမြေဈေးကွက်ကို ဝင်ရောက်ရင်းနှီးမြှပ်နှံမှု နည်းပါးကြောင်း အကျိုးဆောင်များကပြောသည်။